Tuesday, July 3, 2018

မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းသို့ လေ့လာရေးအဖွဲ့များ လာရောက်လေ့လာ

Image may contain: 7 people
မန္တလေး ဇူလိုင် ၂
ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ မန္တလေး-မြို့သာ စက်မှုဥယျာဉ်မြို့တော် တည်ဆောက်ရေးစီမံကိန်းသို့ ယနေ့မွန်းလွဲ ၂ နာရီတွင် Myanmar Entrepreneur SME Institute (Mandalay) မှ ဒေါ်နန်းဖြူဖွေး ဦးဆောင်သော နည်းပြများနှင့် လူငယ် ၃၈ ဦး လာရောက်လေ့လာကြသည်။
လေ့လာရေးအဖွဲ့အား စီမံကိန်းရုံး၌ တာဝန်ရှိသူများက စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် စီမံကိန်းအတွင်း စက်ရုံ၊ အလုပ်ရုံများတည်ဆောက်ပြီးစီးမှု၊ ဆက်လက်တည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် လေ့လာရေးအဖွဲ့များက စီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် လေ့လာရေးအဖွဲ့ဝင်များသည် ဧရာဝတီ ဆီမီးခုံဆိပ်ကမ်း တည်ဆောက်ပြီးစီးမှုကို လှည့်လည် ကြည့်ရှုလေ့လာကြသည်။
''ဒီစီမံကိန်းကြီးကို ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆောင်ရွက်နေတာဖြစ်လို့ မန္တလေးတိုင်းဒေသကြီးမှာ အကြီးဆုံးစီမံကိန်းကြီးတစ်ခုလို့ ထင်ပါတယ်။ ဒီလို စီမံကိန်းကြီးကို လေ့လာခွင့်ရတဲ့အတွက် ကျွန်တော့်အနေနဲ့ ပီတိ ဖြစ်သလို ဒေသအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့အတွက် ဒေသခံပြည်သူတွေလည်း ဝမ်းသာနေကြမှာ ပါ''ဟု လေ့လာရေးအဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။
တင်မောင်(မန်းကိုယ်ပွား)

No comments:

Post a Comment