Tuesday, July 3, 2018

ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲ ကျင်းပပြီးစီး

Image may contain: 16 people
နေပြည်တော် ဇူလိုင် ၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ အကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲ တတိယနေ့ကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဆက်လက်ကျင်းပသည်။
တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စုံညီတွေ့ဆုံပွဲ တတိယနေ့တွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးလုပ်ငန်းကော်မတီဝင်များ အနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံး လုပ်နည်းများကို သိရှိနားလည်ပြီး လုပ်ငန်းများဆောင်ရွက် ရာတွင် စနစ်တကျဆောင်ရွက်နိုင်စေရန်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီဝင် ဦးဝင်းတင် က ''ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ'' ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှမျိုးစုက ဥပဒေဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း များကို သိရှိနားလည်ပြီး အမျိုးသမီးများအား ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရန် အတွက် ''အမျိုးသမီးနှင့်ဥပဒေ'' ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်းပို့ချကြပြီး ဗဟို အမျိုးသမီးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒေါ်ဇင်မာ အောင်က စုံညီတွေ့ဆုံပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့မှုများ၊ တွေ့ကြုံခဲ့ရသည့် အားနည်းချက်၊ အားသာချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းလာသည့် စာတမ်းဆိုင်ရာများနှင့် မေးခွန်းများ၊ ဆောင်ရွက်ရမည့်တာဝန်များ၊ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများနှင့် ကော်မတီ၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် အမျိုးသမီးလုပ်ငန်းကော်မတီရုံးများတွင် အသုံးပြုရန် ကွန်ပျူတာများ ထောက်ပံ့ပေးအပ်ပြီး မွန်းလွဲပိုင်းတွင် စုံညီတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
နေပြည်တော်၌ ဇွန် ၃ဝ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်တို့မှ အမျိုးသမီးလုပ်ငန်း ကော်မတီဝင်များ စွမ်းရည်တိုးတက်စေရန် ရုံးလုပ်ငန်း လုပ်ထုံးလုပ်နည်းများ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ၊ အမျိုးသမီးများနှင့် ဥပဒေဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ၊ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဟောပြောပို့ချ ဆွေးနွေးခဲ့သည့်အပြင် အမျိုးသမီးများ ကြုံတွေ့ရင်ဆိုင်နေရသည့် အခက်အခဲများကို လုပ်ငန်း ကော်မတီအနေဖြင့် ကူညီဆောင်ရွက်ပေးရန်အတွက် နည်းလမ်းများကို ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်

No comments:

Post a Comment