Tuesday, July 3, 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ အဂတိလိုက်စားမှုကို ပူးပေါင်းဆန့်ကျင်မည်

Image may contain: 10 people, people smiling
ရန်ကုန် ဇူလိုင် ၂
အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်လက်မှတ်ရေးထိုးပွဲနှင့် စီးပွားရေးလုပ်ငန်းများဆိုင်ရာ ကျင့်ဝတ်များဖွံ့ဖြိုးလာခြင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)တွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ''အဂတိလိုက်စားခြင်းဟာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းခြင်းလို့ အဓိပ္ပာယ်ဖွင့်ထားတဲ့အတွက် အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ဟာ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်သူလူထုရဲ့ ဂုဏ်သိက္ခာ၊ လူမှုစီးပွားအသင်း အဖွဲ့တွေအားလုံးရဲ့ ဂုဏ်သိက္ခာမြှင့်တင်ခြင်း ဖြစ်ပါတယ်''ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ''နိုင်ငံတော်အစိုးရက အဂတိလိုက်စားမှု ကင်းရှင်းတဲ့ စီးပွားရေးလုပ်ငန်းများဖြစ်ပေါ်လာစေရေးအတွက် ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်နေတာ အားလုံးအသိပါပဲ၊ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ခေတ်ပြောင်း စနစ်ပြောင်းပြီး ဆောင်ရွက်နေတဲ့ကာလလည်း ဖြစ်ပါတယ်၊ လူတွေရဲ့ ကိုယ်ကျင့်တရားကို ထိခိုက်စေတဲ့ အဂတိလိုက်စားမှုကို တားဆီး တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်၊ ပြည်တွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အဂတိလိုက်စားမှုမှာ ပါဝင်ခြင်း မရှိကြဘဲ အဂတိလိုက်စားမှုကို နားလည်ရှောင်ကြဉ်ကြဖို့လိုအပ်ပါတယ်၊ ဒါမှ မိမိတို့နိုင်ငံမှာ စီးပွားရေးမြင်ကွင်းကောင်းတစ်ခု ပေါ်ထွက်လာပြီး ရင်းနှီးမြှုပ်နှံ ချင်သူတွေအနေနဲ့ နိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး အကျိုးတူပူးပေါင်း ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးမှာ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြဖို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်''ဟုပြောကြားသည်။
ု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ''ကျွန်တော်တို့ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်နေတဲ့ အချိန်ကာလမှာ အားလုံးတက်ညီလက်ညီ ပါဝင်လာခြင်းဟာ အလွန်ကြီးမားတဲ့ အောင်မြင်မှုလို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ လက်ရှိ ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေးကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒါဟာ တစ်နှစ်၊ နှစ်နှစ် အကျိုးသက်ရောက်မှု မရှိသေးပေမယ့် ဆယ်စုနှစ်တစ်ခုလောက် ကြာတဲ့အခါ အကျိုးသက်ရောက်မှုအများကြီးကို ခံစားရမှာ ဖြစ်ပါတယ်။ ကော်မရှင် အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလမ်းစဉ်ကို ချမှတ်တဲ့နေရာမှာ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်မှုမှာ အဂတိလိုက်စားမှုကို ပိုမိုပြီး ထိရောက်အောင် ဆောင်ရွက်သွားဖို့ဆိုတဲ့ လမ်းညွှန်ချက်ရှိပါတယ်။ အဲဒီ လမ်းညွှန်ချက်အရ ကျွန်တော်တို့ကော်မရှင်အနေနဲ့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
နိုင်ငံရေးစိတ်စေတနာ ပြည့်ဝစွာဆောင်ရွက်
''ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ချိတ်ဆက် နေတယ်ဆိုတာ လုပ်ငန်းရှင်များအသိပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုကြောင့် စီးပွားရေးပိုင်းရော၊ အုပ်ချုပ်ရေးပိုင်းမှာပါ ဆိုးရွားတဲ့အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်ပါတယ်။ စီးပွားရေးပိုင်းကိုကြည့်ရင် အဂတိလိုက်စားမှု မြင့်မားလာ လေလေ စီးပွားရေးကျဆင်းလာလေလေ၊ ဝင်ငွေကွာဟချက် ကြီးမားလေလေ ဆင်းရဲနွမ်းပါးမှုကြီးထွားလေလေ ဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းကလည်း အဂတိ လိုက်စားမှု မြင့်မားလေလေ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းလေလေ ဖြစ်ပါတယ်။ အုပ်ချုပ်မှုစွမ်းရည် ကျဆင်းရင် မျှဝေမှု၊ ပြည်သူ့ဘဏ္ဍာခွဲဝေမှု မမျှမတဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ကြီးထွားလေလေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ထိခိုက်စေတာကြောင့် ကျွန်တော်တို့ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို နိုင်ငံရေးစိတ်စေတနာ ပြည့်ဝစွာဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ ကုန်သည် စက်မှုအသင်းချုပ်ကြီးက ကျွန်တော်တို့နဲ့ အတူတကွ ပူးပေါင်းပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ခြင်း ပူးတွဲ ကြေညာချက်ကို စောစီးစွာ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထူးခြားလေးနက် ဂုဏ်သိက္ခာရှိမှာဖြစ်ကြောင်း တင်ပြလိုပါ တယ်'' ဟု ပြောကြားခဲ့သည်။
ဦးစားပေးလုပ်ငန်းတစ်ခု
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ကိုယ်ကျင့်သိက္ခာ မြှင့်တင်ရေး၊ ပညာပေးရေးကို ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ဆောင်ရွက်လျက် ရှိပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်၊ အဂတိလိုက်စားမှုဆန့်ကျင်ရေး ကျင့်ဝတ် ရေးဆွဲရေး(Code of Conduct- CoC)၊ မဖြစ်ပွားအောင် တားဆီးကာကွယ်သည့် နည်းလမ်းများနှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေကို ဆန်းစစ်သည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌထံမှ သိရသည်။
ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အကြံပေး ပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်က ''ကုန်သည်ကြီးများအသင်းချုပ်မှာ United Nations Global Compact(UNGC) အဖွဲ့မဝင်ရသေးသူတွေ ဝင်ရောက်ဖို့ တိုက်တွန်းပါတယ်။ အဲဒီလို ဝင်ရောက်ရင် ကတိကဝတ် လေးခုပြု ရမှာ ဖြစ်ပါတယ်။ (၁)က လူအခွင့်အရေးကာကွယ်စောင့်ရှောက်ထိန်းသိမ်းမယ်၊ (၂)က မိမိဝန်ထမ်းတွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းမယ်၊ (၃)က ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းတဲ့ ကတိကဝတ်ထိန်းသိမ်းဖို့နဲ့ (၄)က အဂတိ လိုက်စားမှုအပေါ် ထိန်းသိမ်းမယ်ဆိုတာပါ။ ဒါကြောင့် ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါ တယ်။ အဂတိလိုက်စားမှုက နှစ်ပိုင်း ပါပါတယ်။ ယူတဲ့သူကို ယူတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်သလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း အဂတိလိုက်စားမှု ဆန့်ကျင်ရေးဆိုတဲ့ ကျင့်ဝတ်ရေးဆွဲရေး(CoC)ကို လုပ်ရပါမယ်။ ကုမ္ပဏီ တစ်ခုခြင်းက ကျင့်ဝတ်(CoC)ရေးဆွဲပြီး လိုက်နာရပါမယ်။ ဒီနေ့ အခမ်းအနား က ကတိကဝတ်ထိုးရုံတင်မကဘဲ ကုမ္ပဏီလုပ်ငန်းရှင်တွေအားလုံး မပြုစုတတ်ရင် တတ်နိုင်သမျှလုပ်ပေးပါမယ်။ ကျွန်တော့်မှာ ကျင့်ဝတ်ရေးဆွဲပုံရေးဆွဲနည်း အဆင့်သင့်ရှိပါတယ်။ ကော်မရှင်ဥက္ကဋ္ဌနဲ့ တိုင်ပင်ပြီး ဆောင်ရွက်ပေးပါမယ်'' ဟု ပြောကြားသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြပြီး ဒေါက်တာအောင်ထွန်းသက်၊UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် အဖွဲ့ဝင်ဒေါ်မြတ်မြတ်စိုးတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက်ကို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း နှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး ကျင့်ဝတ်ပြည့်ဝသည့် စီးပွားရေးလုပ်ငန်းအလေ့ အကျင့်များ ဖွံ့ဖြိုးလာစေရန်နှင့် အဂတိလိုက်စားမှုကို ဆန့်ကျင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ပူးပေါင်းဆောင်ရွက်မည်
နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏အသင်းဝင် ကုမ္ပဏီ များအား စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း(Code of Conduct)ကို ရေးဆွဲပြီး လိုက်နာလုပ်ဆောင်ကြစေရေး ပူးပေါင်းကူညီရန်၊ အဂတိလိုက်စားမှု ဆိုင်ရာ အသိပညာပေးအစီအစဉ်များနှင့် စွမ်းရည်မြှင့်အစီအစဉ်များ စီစဉ် သွားရန်၊ လုပ်ငန်းကုမ္ပဏီများနှင့် ပုဂ္ဂလိကကဏ္ဍ အသင်းအဖွဲ့များကြားတွင် အဂတိလိုက်စားမှုဆန့်ကျင်ခြင်းဆိုင်ရာ သတင်းအချက်အလက်နှင့် အလေ့အကျင့် ကောင်းများ ဝေမျှနိုင်ရေး ကွန်ရက်များ တည်ဆောက်ရေး၊ United Nations Global Compact Network Myanmar နှင့် ချိတ်ဆက်ဆောင်ရွက်၍ လုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်မည်ဟု ကြေညာချက်ထုတ်နိုင်ကြောင်း ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
ယနေ့ကျင်းပသည့် အဂတိလိုက်စားမှုဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များ၊UMFCCIဒုတိယဥက္ကဋ္ဌများနှင့်အမှုဆောင်များ၊ ညီနောင်အသင်း အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကုမ္ပဏီ လုပ်ငန်းရှင် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်

No comments:

Post a Comment