Tuesday, July 31, 2018

ဂရိနိုင်ငံ၌ တောမီးလောင်မှုများကြောင့် သေဆုံးသူ ၉၁ ဦးအထိရှိပြီဟု အစိုးရ အတည်ပြု

Image may contain: one or more people, people standing, tree, car and outdoor
အေသင် ဇူလိုင် ၃ဝ
ဂရိနိုင်ငံမြို့တော် အေသင်အနီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများ တည်ရှိရာဒေသ၌ တောမီးလောင်ခြင်းကြောင့် နောက်ထပ်သေဆုံးသူ သုံးဦးရှိသည်ဟု မီးသတ်ဌာနက အတည်ပြုပြောကြားလိုက်ကြောင်း၊ ဂရိနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောမီးလောင်မှုများအတွင်း သေဆုံးသူဦးရေ ၉၁ ဦးအထိ ရှိပြီဖြစ်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဇူလိုင် ၃ဝ ရက်တွင် သတင်းထုတ်ပြန်သည်။
တောမီးဘေးအန္တရာယ်ကျရောက်မှုကြောင့် နောက်ထပ် ၂၅ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ စတာဘရူလာမယ်လီရီက ပြောကြားသည်။
သို့ရာတွင် ပျောက်ဆုံးနေသူအချို့ သို့မဟုတ် အားလုံးမှာ မှုခင်းဆိုင်ရာ ဆေးပညာရှင်များက လက်ရှိစစ်ဆေး နေသော ရုပ်အလောင်း ၂၈ ခုတွင် ပါဝင်ဖွယ်ရှိကြောင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ စပီယော့ ဂေါ်ဂီးက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။
ကလေးငယ်များပါဝင်
ကြေကွဲဖွယ်ရာ အဖြစ်ဆိုးတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ တောမီးလောင်မှုများကြောင့် ကလေးသူငယ် မည်မျှသေဆုံးရသည်ကို အတိအကျမပြောနိုင်သော်လည်း အသက်ကိုးနှစ်အရွယ် အမြွှာညီအစ်မနှစ်ဦး၊ ခြောက်လသား ကလေး တစ်ဦး၊ အသက် ၁၁ နှစ်နှင့် ၁၃ နှစ်အရွယ်ရှိ မောင်နှမနှစ်ဦးနှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးတို့ ပါဝင်သည်ဟု အတည်ပြုနိုင်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဂီးက ဆက်လက်ပြောကြားသည်။
တောမီးလောင်မှုကြောင့် သေဆုံးခဲ့ကြရသော နိုင်ငံခြားသားလေးဦးတွင် ပျားရည်ဆမ်းခရီးထွက်လာသော အိုင်ယာလန် လူငယ်တစ်ဦး၊ ပိုလန် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ သားတစ်ဦး၊ ဘယ်လ်ဂျီယံ အမျိုးသားတစ်ဦးတို့ ပါဝင်သည်ဆို၏။
တောမီးလောင်မှုကြောင့် လူ့အသက်များ ဆုံးရှုံးရသည့်ဖြစ်စဉ် ကိုင်တွယ်ဆောင်ရွက်ပုံနှင့်ပတ်သက်၍ အတိုက် အခံများက ဂရိအစိုးရအဖွဲ့ကို အစောပိုင်းတွင် ဝေဖန်ခဲ့ကြပြီးနောက် တာဝန်ရှိသူများက တောမီးဘေးအန္တရာယ် ကိုင်တွယ်ဆောင်ရွက်ပုံနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုလာကြခြင်းဖြစ်သည်။
အေအက်ဖ်ပီ

No comments:

Post a Comment