Sunday, July 1, 2018

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဗီယက်နမ်တွင်ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက်ညီလာခံ တက်ရောက်


Image may contain: 3 people, people standing and crowd
နေပြည်တော် ဇွန် ၃ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် ဇွန် ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေး [Sixth Assembly of the Global Environment Facility(GEF)]သို့ တက်ရောက်သည်။
ညီလာခံအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ Ariyana Convention Center ၌ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်H.E. Nguyen Xuân Phúc က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ထို့နောက်GEF CEO ဖြစ်သည့်Naoko Ishii က အဖွင့်အမှာစကားနှင့်အတူ (၆)ကြိမ်မြောက်GEF ညီလာခံအစည်းအဝေးဆိုင်ရာ အစီအစဉ်များကို ရှင်းလင်းပြောကြား သည်။
အစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံ၏ ခေါင်းဆောင်အသီးသီးက Country Statement ကို ဖတ်ကြားကြရာ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယနေ့ အချိန်ကာလအတွင်း လူသားတို့၏ ဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများစွာရှိနေပြီး လူသားတို့တောင်းဆိုမှုများသည် ကမ္ဘာမြေကြီး ၏ ဖြည့်ဆည်းပေးနိုင်သည့် စွမ်းဆောင်ရည်ထက် ပိုမိုကျော်လွန်နေပြီဖြစ် ပါကြောင်း၊ ထိုသို့သောအခြေအနေတွင် အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင် သဘောတူညီချက်များကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ကမ္ဘာ့ပတ် ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF) အထောက်အပံ့သည် လွန်စွာအရေးကြီး ပါကြောင်း၊ မြန်မာအစိုးရအနေဖြင့် များစွာသော အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သို့သော်မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်ခုဖြစ်ရာ ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့၏ အထောက်အပံ့သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍများတွင် ပတ်ဝန်းကျင်ကို ပိုမိုထည့်သွင်းစဉ်းစားရန်အတွက် ရာသီဥတုပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြန်မာနိုင်ငံ ၏ ကတိကဝတ်များကို ဖြည့်ဆည်းရာတွင် များစွာအထောက်အကူပြုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့်GEF -7 Replenishment ကာလတွင်GEF- 5 GEF-6ကာလများမှ ရရှိခဲ့သည့် အတွေ့အကြုံများကိုအခြေခံကာ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ပိုမိုထိရောက်စွာဖြေရှင်း နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊GEF က ခွဲဝေပေးသော ရန်ပုံငွေ အား နိုင်ငံအသီးသီး၏ လိုအပ်ချက်နှင့်အညီ ထိရောက်စွာ အသုံးချနိုင်ရန် အတွက် GEF Agency များနှင့် နိုင်ငံများအကြား ပွင့်လင်းမြင်သာသည့် ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်GEF-6 ကာလအတွင်းGEF အတွင်းရေးမှူးရုံးနှင့်GEF ကောင်စီတို့၏ ကြိုးပမ်း အားထုတ်ဆောင်ရွက်ခဲ့သည်များကို အသိအမှတ်ပြုပါကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ ပတ်ဝန်းကျင်ပြဿနာများကို ဖြေရှင်းရာတွင်GEF အတွင်းရေးမှူးရုံးနှင့်GEF ကောင်စီတို့၏ ဆောင်ရွက်ချက်များသည် များစွာ အရေးကြီးပါကြောင်း၊GEF က ဆောင်ရွက်လျက်ရှိသောSmall Grant Programme သည် ထိရောက်သော အစီအစဉ်တစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့်လည်း သက်ဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းတိုင်ပင်ကာ လျှောက် ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကိုဖြေရှင်းခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိရန်နှင့် အပြည်ပြည်ဆိုင်ရာပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု ကတိကဝတ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ရန်ပုံငွေ ထောက်ပံ့မှုပေးသည့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေအဖွဲ့နှင့် ငွေကြေးထည့်ဝင်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများကို အသိအမှတ်ပြုပါကြောင်း၊GEF CEO ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာရန်ပုံငွေ အဖွဲ့၏ (၆) ကြိမ်မြောက် ညီလာခံအစည်းအဝေးတွင် Plenary Sessions များနှင့် အဆင့်မြင့်အရာရှိကြီးများ စားပွဲဝိုင်းဆွေးနွေးပွဲများ ဖြစ်သည့် အစားအစာ၊ မြေအသုံးချမှုနှင့် မြေယာထိန်းသိမ်းရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေး ပွဲ၊ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲတို့ကိုလည်း ပါဝင်တက်ရောက်ဆွေးနွေးသည်။
အဆိုပါညီလာခံအစည်းအဝေး၌GEF -7 Replenishment ကာလဖြစ် သည့် ၂ဝ၁၈ ခုနှစ် ဇူလိုင်လမှ ၂ဝ၂၂ ခုနှစ် ဇွန်လအထိ ကမ္ဘာလုံးဆိုင်ရာ အများနှင့်ဆိုင်သော ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်း၊ မြေအတန်းအစား ကျဆင်းခြင်း၊ ရာသီဥတုပြောင်းလဲမှုတို့နှင့်သက်ဆိုင်သည့် နယ်ပယ်များ၌ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံ ထည့်ဝင်သုံးစွဲနိုင်ရန် သဘော တူညီခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၇ ရက်တွင်International Union for Conservation of Nature (IUCN)၏အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Aban Marker Kabraji နှင့် အဖွဲ့ကိုလည်းကောင်း၊Food and Agriculture Organization of the United Nations (FAO)မှ သဘာဝသယံဇာတဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်Mrs Maria Semedo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် လည်းကောင်း၊ Conservation International(CI)နှင့်Fauna and Flora International (FFI) မှ Ms. Srabani Royနှင့် အဖွဲ့ကိုလည်းကောင်း၊GEF Satoyama Initiatives မှ ဒေါက်တာYoji Natori နှင့်အဖွဲ့ကိုလည်းကောင်း၊ ဇွန် ၂၈ ရက်တွင်European Investment Bank(EIB) မှ ညွှန်ကြားရေးမှူး Ms. Maria Shaw-Barragan နှင့် အဖွဲ့ကိုလည်းကောင်း၊World Wildlife Fund WWF–USမှ ဥက္ကဋ္ဌMr. Carter Roberts ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်လည်းကောင်း၊ ကမ္ဘာ့ဘဏ် (World Bank) မှSenior Director Ms.Karin Kemper နှင့်အဖွဲ့ကိုလည်းကောင်း လက်ခံတွေ့ဆုံကာ မြန်မာနိုင်ငံနှင့် အဆိုပါအဖွဲ့ အစည်းအသီးသီးများအကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် သစ်တောပြန်လည်ထူထောင်ရေးနှင့် သစ်တောထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေး၊ သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် လူမှုနှင့်ပတ်ဝန်းကျင် ဆိုင်ရာ လုံခြုံရေးအစီအမံများ ထည့်သွင်းနိုင်ရေး၊ သဘာဝသယံဇာတများကို ရေရှည်စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်GEF -7 Replenishment ကာလတွင် အဆိုပြုဆောင်ရွက်သွားမည့် စီမံကိန်းအဆိုပြုလွှာများအကြောင်း ဆွေးနွေးခဲ့ ကြသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၂၉ ရက်တွင် ဗီယက်နမ်နိုင်ငံ အစိုးရနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ရန်ပုံငွေအဖွဲ့ (GEF)တို့ ပူးပေါင်းစီစဉ် သော ဗီယက်နမ်နိုင်ငံQuang Nam ပြည်နယ် ဒါနန်းမြို့တော်Hao Khanh Eco Park စက်မှုဥယျာဉ်သို့ သွားရောက်ကာ ဆောက်လုပ်ရေးပစ္စည်းများ ထုတ်လုပ်သည့်DIC Da Nang ကုမ္ပဏီ၏ အမိုးပြားထုတ်လုပ်ပုံအဆင့်ဆင့်၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲခြင်းတို့အား လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment