Tuesday, July 3, 2018

ပါရီတောင်ပိုင်းရှိ အကျဉ်းထောင်မှ လူဆိုးဂိုဏ်းဝင်တစ်ဦး ရဟတ်ယာဉ်အသုံးပြုပြီး ထွက်ပြေးလွတ်မြောက်

Image may contain: plant, grass, outdoor and nature
ပါရီ ဇူလိုင် ၂
ပြင်သစ် လူဆိုးဂိုဏ်း တစ်ဂိုဏ်းမှ အကျဉ်းကျနေသည့် ဂိုဏ်းဝင်တစ်ဦးသည် ဇူလိုင် ၁ ရက်က မြို့တော်ပါရီ တောင်ဘက်ရှိ အကျဉ်းထောင် တစ်ခုအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း၊ ယင်းလူဆိုးဂိုဏ်းဝင် ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးပမ်း ရာတွင် ၎င်း၏ ကြံရာပါနှစ်ဦးက ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုခဲ့ကြောင်း တရားရေး ဝန်ကြီးဌာနက ပြောကြားသည်။
လွတ်မြောက်သွားသည့် အကျဉ်းသားမှာ ရီဒိုနင်းဖာအစ် အမည်ရှိသူဖြစ်သည်။ အကျဉ်းထောင်၏ ထောင်ဝင်စာ တွေ့ဆုံသည့်အခန်းတွင်း၌ ၎င်း၏ အစ်ကိုတော်စပ်သူနှင့် တွေ့ဆုံစဉ် သိုးမွေးခေါင်းစွပ် စွပ်ထားသည့် သေနတ်ကိုင် လူနှစ်ဦးက အခန်းတွင်းသို့ ချိုးဖောက်ဝင်ရောက်လာခဲ့ကြကြောင်း၊ မီးခိုးဗုံးများနှင့် သံဖြတ်စက်တို့ကို ကိုင်ဆောင် ထားသည့် လက်နက်ကိုင်နှစ်ဦးသည် ဖာအစ်ကို အကျဉ်းထောင်ခြံဝင်းအတွင်း ရပ်ထား သည့် ရဟတ်ယာဉ် တစ်စင်းဆီသို့ ခေါ်ဆောင်သွားကာ ထွက်ပြေးသွားခဲ့ကြကြောင်း၊ အဆိုပါ ရဟတ်ယာဉ်သည် အကျဉ်းထောင်နှင့် အနီးဝန်းကျင်ရှိ ဂွိန်နီဆီးဒေသမှ ပျံသန်း လာကာ အကျဉ်းထောင်ဝင်းအတွင်းသို့ ဆင်းသက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြား သည်။
ပျက်စီးနေသည့် ရဟတ်ယာဉ်တစ်စင်းကို ဒေသခံရဲတပ်ဖွဲ့ဝင်များက နောက်ပိုင်းတွင် ရှာဖွေတွေ့ရှိခဲ့သည်။
လွှတ်ပေးခဲ့
အဆိုပါ ရဟတ်ယာဉ်၏ ရဟတ်ယာဉ်မှူးကို လေယာဉ်မောင်း ကလပ်တစ်ခုတွင် ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ပျံသန်းမှုနည်းပြဆရာလည်းဖြစ်သူ ရဟတ်ယာဉ် မှူးကို သေနတ်သမားများက နောက်ပိုင်းတွင် ဘေးမသိရန်မခ လွှတ်ပေးခဲ့သည်။
ပြစ်မှုကျူးလွန်သူများကို ပြန်လည်ဖမ်းမိရေးအတွက် လိုက်လံရှာဖွေနေပြီ ဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ပြောကြားသည်။
အသက် ၄၆ နှစ်အရွယ်ရှိသည့် အကျဉ်းသား ဖာအစ်သည် အကျဉ်းထောင်ဖောက် ထွက်ပြေးခြင်းကို ဒုတိယအကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ ခုနှစ်အတွင်းက ၎င်းသည် ဖောက်ခွဲရေးပစ္စည်းများကို အသုံးပြုကာ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။ ထိုသို့ လွတ်မြောက်ရေးအတွက် ဖာအစ်က ထောင်ဝန်ထမ်းလေးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သည်။ ယင်းထောင်ဖောက် လွတ်မြောက်ပြီး ရက်သတ္တခြောက်ပတ်အကြာတွင် ၎င်းကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
၂ဝ၁ဝ ပြည့်နှစ်အတွင်းက ရဲမေတစ်ဦးသေဆုံးခဲ့ရသော လက်နက်ကိုင် လုယက်မှုကို ကျူးလွန်ခဲ့မှုဖြင့် ဖာအစ်သည် ထောင်ဒဏ် ၂၅ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသည်။
ဆင်ဟွာ

No comments:

Post a Comment