Friday, July 27, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ကျင်းပ

No automatic alt text available.
နေပြည်တော် ဇူလိုင် ၂၆
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် သက်တမ်း ကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ရာထူးနေရာ တွင် ဦးကျော်ကျော်မောင်အား ခန့်အပ်တာဝန်ပေးရန် အမည်စာရင်း ပေးပို့ထား ကြောင်း၊ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ကြေညာသည်။
ထို့နောက် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း ပါ စီမံကိန်းလုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စု
ရာထူး ဝန်အဖွဲ့ဝင် ဦးဝင်းမော်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့က ရှင်းလင်းတင်ပြကြသည်။
အိုင်အယ်လ်အိုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့်အသုံးစရိတ်များကို လျာထားတောင်းခံ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒ ၁၄ ချက်၊ ရည်မှန်းချက် ၂၁ ချက် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်သားများ ၏ လူနေမှုဘဝ လုံခြုံစိတ်ချပြီး လုပ်ငန်းခွင်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်၊ အလုပ်သမားအခွင့်အရေးများ ပြည့်ဝစွာရရှိရန်နှင့် ခိုင်မာတိကျသော လူဦးရေ စာရင်းဇယားများနှင့် ညွှန်းကိန်းများရရှိစေရန် မူဝါဒများချမှတ်၍ ကျွမ်းကျင် လုပ်သား အလုံအလောက် ရရှိစေရန်၊ လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်နှင့် အကျိုးခံစားခွင့်များကို ပြည့်ဝစွာရရှိစေရန်၊ အာမခံအလုပ်သမားများ၏ လူနေမှု ဘဝ တိုးတက်ကောင်းမွန်စေရန် ရည်မှန်းချက်နှင့်အညီ အဓမ္မခိုင်းစေမှုပပျောက် ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင် အစီအစဉ်များကို အကောင် အထည်ဖော်နိုင်ရေး အိုင်အယ်လ်အိုနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ အတွက် လိုအပ်သည့် အသုံးစရိတ်များကို လျာထားတောင်းခံခြင်းဖြစ်ပါကြောင်း။
ဝန်ကြီးဌာန၏ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အရအသုံးခန့်မှန်း ခြေ ငွေစာရင်းတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၌ သာမန်ရငွေကျပ် ၆ဝ၃၉၃ ဒသမ ဝ၄ဝ သန်း ရရှိရန် လျာထားပြီး သာမန်အသုံးစရိတ်တွင် ငွေကျပ် ၃၆၈၄၁ ဒသမ ၄၂ဝ သန်း၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ငွေကျပ် ၆ဝ၂၄ ဒသမ ၈၈၁ သန်း လျာထားသဖြင့် စုစုပေါင်းငွေကျပ် ၄၂၈၆၆ ဒသမ ၃ဝ၁ သန်း လျာထားတင်ပြထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံနှင့်စပ်လျဉ်း၍ မူဝါဒ ချမှတ်ပြီးမှသာ မူဝါဒနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက စက်မှုဝန်ကြီး ဌာနတွင် စက်ရုံပေါင်း ၁၁၃ ရုံရှိပြီး ၎င်းစက်ရုံများအနက် ၅၇ ရုံမှာ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်စက်ရုံများအနက် ၂၄ ရုံမှာ လတ်တလော ရပ်ဆိုင်းထားရသည့် စက်ရုံများဖြစ်ပါကြောင်း၊ ရပ်ဆိုင်းထားသည့် စက်ရုံ ၂၄ ရုံနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ပြီးမှသာ မူဝါဒနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုအခါ စက်ရုံခြောက်ရုံကို ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သို့ လုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြထားပါကြောင်း၊ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ကဏ္ဍအလိုက် စုစုပေါင်း ထုတ်လုပ်မှုတန်ဖိုး(GDP)/ ပုံမှန်ဈေးနှုန်းအရ/ စက်မှုလက်မှုကဏ္ဍအနေဖြင့် ငွေကျပ် ၂၁၂၄၃ ဒသမ ၂၃၉ ဘီလီယံ ရည်မှန်း ထားပြီး ၁၁ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းထားပါကြောင်း။
စက်မှုဝန်ကြီးဌာန၏ ဘဏ္ဍာရေးအရအသုံးဆိုင်ရာဥပဒေကြမ်းပါ ၂ဝ၁၈- ၂ဝ၁၉ ရငွေအနေဖြင့် သာမန်ရငွေကျပ် ၈၇ ဒသမ ၇၃၇ ဘီလီယံ၊ ငွေလုံး ငွေရင်းရငွေ (ပြည်ပအကူအညီ) ငွေကျပ် ၄ ဒသမ ၅၅၃ ဘီလီယံ၊ ကြွေးမြီရငွေ ကျပ် ၂ ဒသမ ၄၄၇ ဘီလီယံ စုစုပေါင်းရငွေကျပ် ၉၄ ဒသမ ၇၃၇ ဘီလီယံ ဖြစ်ပါကြောင်း၊ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများအပေါ် အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန်အတွက် စုစုပေါင်း အသုံးစရိတ် ငွေကျပ် ၄၂၉ ဒသမ ၆၄၈ ဘီလီယံကို လျာထားပါကြောင်း၊ အဆိုပါ အသုံးစရိတ်များ၌ သာမန်အသုံးစရိတ် အတွက် ငွေကျပ် ၁၆၆ ဒသမ ၆၃၇ ဘီလီယံ၊ ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အတွက် ငွေကျပ် ၁၂၁ ဒသမ ၁၂၇ ဘီလီယံတို့ဖြစ်ပါကြောင်း၊ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် အတွက် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၄၁ ဒသမ ၈၈၄ ဘီလီယံ၌ လုပ်ငန်းစီမံကိန်းသစ်များနှင့် ဆောင်ရွက်ဆဲစီမံကိန်းများအတွက် ငွေကျပ် ၁၂ဝ ဒသမ ၉ဝ၅ ဘီလီယံနှင့် ရုံးချုပ်/ စက်ရုံများအတွက် ငွေကျပ် ၂ဝ ဒသမ ၉၇၉ ဘီလီယံကို လျာထားပါကြောင်း ရှင်းလင်းတင်ပြသည်။
သဘာဝဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများမှာ နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားတွင် ပါဝင်သော ဥဒေါင်း-ညောင်ချောင်း - မေယုတောင်ကျော်လမ်းနှင့် သက်ကိုင်ညာ-ပဒဂါး- တောင်ကျော်လမ်း အသစ်ဖောက်လုပ်ခြင်း၊ ရောင်ဟီး - ပင်လည်ဘူးလမ်း၊ မတူပီ - ပလက်ဝလမ်း၊ တီးတိန် - တွန်းဇံ - ကျီခါးလမ်း၊ ဟားခါး - မတူပီလမ်း၊ ရွှေဘို-မြစ်ကြီးနားလမ်း၊ မြစ်ကြီးနား - ဆွမ်ပရာဘွမ် - ပူတာအိုလမ်းနှင့် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်လမ်း အဆင့်မြှင့်တင်ခြင်း၊ လွှတ်တော် အစည်းအဝေးများတွင် ကတိကဝတ်ပြုထားခဲ့သည့် လမ်းများနှင့် လွှတ်တော် ကိုယ်စားလှယ်များ အဆိုပြုထားသည့် လမ်း ၁ဝ လမ်း အဆင့်မြှင့်တင်ခြင်း၊ နိုင်ငံတကာနှင့်ဆက်သွယ်မည့် ပြည်ထောင်စုလမ်းမကြီး သုံးလမ်း၊ အဓိက ပြည်ထောင်စုလမ်း ခြောက်လမ်းနှင့် ကျန်ပြည်ထောင်စုလမ်း ၂၃ လမ်း အဆင့် မြှင့်တင်ခြင်း၊ လွှတ်တော်အစည်းအဝေးများတွင် ကတိကဝတ်ပြုထားသည့် တံတား ၂၇ စင်းနှင့် ကြိုးတံတားများ၊ အခြားတံတားကြီးများ တည်ဆောက်ခြင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းငါးခုနှင့် နိုင်ငံတော်ဧည့်ဂေဟာ အကြီးစားမွမ်းမံခြင်း၊ မန္တေ
လးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ရှိ အိမ်ရာစီမံကိန်းများ၏ ရေနှင့် ဆက်စပ်လုပ်ငန်း နှစ်ခု ဆောင်ရွက်ခြင်း၊ ခရိုင်ချင်းဆက်လမ်း မွမ်းမံခြင်း၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွင်း သဘာဝဘေးကြောင့် ပျက်စီးခဲ့ သည့် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းတို့ ပါဝင်ပါကြောင်း။
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် ရငွေ လျာထားချက်မှာ သာမန်ရငွေကျပ် ၇ဝ ဒသမ ၈၈၆ ဘီလီယံ၊ ငွေလုံးငွေရင်း ရငွေကျပ် ၃၅ ဒသမ ၆၃ဝ ဘီလီယံ၊ ကြွေးမြီရငွေကျပ် ၄ဝဝ ဒသမ ၈၁၉ ဘီလီယံ စုစုပေါင်းရငွေကျပ် ၅ဝ၇ ဒသမ ၃၃၅ ဘီလီယံဖြစ်ပြီး အသုံးစရိတ် လျာထားချက်မှာ သာမန်အသုံးစရိတ် ငွေကျပ် ၁၁၂ ဒသမ ၃၂ဝ ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ် ၇၃၄ ဒသမ ၇၃၉ ဘီလီယံ စုစုပေါင်း အသုံး စရိတ် ငွေကျပ် ၈၄၇ ဒသမ ဝ၅၉ ဘီလီယံဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာ နှစ်အတွက် သာမန်ရငွေကျပ် ၅၈ဝ၇ ဒသမ ဝ၇၂ သန်း၊ ငွေလုံးငွေရင်း ရငွေကျပ် ၁၁ဝ၉ဝ ဒသမ ဝဝဝ သန်းဖြစ်ပြီး သာမန်အသုံးစရိတ်ငွေကျပ် ၈ဝ၇ဝ၅ ဒသမ ၃ဝ၅ သန်းနှင့် ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၂၃၃၉၇ ဒသမ ၂၃၇ သန်း စုစုပေါင်းငွေကျပ် ၁ဝ၄၁ဝ၂ ဒသမ ၅၄၂ သန်း တင်ပြထားပါ ကြောင်း၊ ငွေလုံးငွေရင်းရငွေ၌ ပြည်ပအကူအညီရငွေတွင် ရခိုင်ပြည်နယ်အတွက် အိန္ဒိယနိုင်ငံအစိုးရမှ ထောက်ပံ့ငွေကျပ် ၆၈ဝဝ ဒသမ ဝဝဝ သန်းနှင့် ဂျပန် နိုင်ငံအစိုးရမှ ထောက်ပံ့ငွေကျပ် ၄၂၉ဝ ဒသမ ဝဝဝ သန်း စုစုပေါင်းငွေကျပ် ၁၁ဝ၉ဝ ဒသမ ဝဝဝ သန်းကို ထည့်သွင်းဖော်ပြထားပါကြောင်း၊ အသုံးစရိတ် တင်ပြတောင်းခံမှု၌ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးအတွက် ပဋိသန္ဓေတည်သည်မှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် မြန်မာနိုင်ငံတစ်ဝန်းဖြစ်ပွားသည့် ဘေးအန္တရာယ်အမျိုးမျိုး ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို လျော့နည်းသက်သာစေရန် ဆောင်ရွက် ခြင်း၊ သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်ရန် ပြင်ဆင်ခြင်း နှင့် ဘေးသင့်ပြည်သူများအား မူလလူနေမှုဘဝ အခြေအနေထက် ပိုမို ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိအောင် ဆောင်ရွက်ခြင်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြသည်။
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ် သာမန်သုံးငွေအတွက် ငွေကျပ် ၅၉၆၉ ဒသမ ၅၉၈ သန်း ခွင့်ပြုခဲ့ပါကြောင်း၊ ပြည်ပအကူအညီရငွေကျပ် ၃ဝဝ၅ ဒသမ ၂၃၄ သန်း အပါအဝင် သာမန်သုံးငွေ စုစုပေါင်းငွေကျပ် ၈၉၇၄ ဒသမ ၈၃၂ သန်းလျာထားပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သာမန် သုံးငွေတွင် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံး စရိတ်များအတွက် ခေါင်းစဉ်သစ်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၎င်းအသုံးစရိတ် ခေါင်းစဉ်အတွက် ငွေကျပ် ၁၂၄၈ ဒသမ ၄ဝဝ သန်းကို ထည့်သွင်းလျာထားပါကြောင်း၊ ဝန်ကြီးဌာန၏ ၂ဝ၁၈- ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းရငွေ ငွေကျပ် ၂၂၅၄၆ ဒသမ ၁၁၃ သန်း လျာထားပြီး စုစုပေါင်းသုံးငွေ ငွေကျပ် ၉၁၉၆ ဒသမ ၈၂၇ သန်း လျာထားသဖြင့် သုံးငွေထက်ပိုသော ရငွေမှာ ငွေကျပ် ၁၃၃၄၉ ဒသမ ၂၈၆ သန်း ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
စိတ်ဝင်စားဖွယ်ရာ တိုင်းရင်းသားပုံပြင်ရုပ်ပြစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း ဆောင်ရွက်နိုင်ရန် ပါဝင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် သာမန်အသုံးစရိတ် တောင်းခံငွေကျပ် ၃၁ဝ၇ ဒသမ ၅ဝ၇ သန်း၊ ငွေလုံးငွေရင်းအသုံးစရိတ် တောင်းခံ ငွေကျပ် ၁၇၅၈ ဒသမ ၄၇ဝ သန်း စုစုပေါင်း တောင်းခံငွေကျပ် ၄၈၆၅ ဒသမ ၉၇၇ သန်း တောင်းခံထားပါကြောင်း၊ သာမန်အသုံးစရိတ် တောင်းခံငွေကျပ် ၃၁ဝ၇ ဒသမ ၅ဝ၇ သန်း၌ တိုင်းရင်းသားလူမျိုး ၆၆ မျိုး၏ မူကြိုနှင့်KGကလေးများ သင်ကြားမှု၊ သင်ယူမှု လွယ်ကူစေရန်အတွက် စိတ်ဝင်စားဖွယ်ရာ တိုင်းရင်းသားပုံပြင်ရုပ်ပြစာအုပ်များ ရိုက်နှိပ်ထုတ်ဝေခြင်း စသည့်ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေ အသုံးစရိတ်ငွေကျပ် ၉၃၅ ဒသမ ၇၃၁ သန်း ပါဝင်ပါကြောင်း၊ ထို့ပြင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့တွင် ဦးစီးဌာနရုံး အဆောက်အအုံများ တည်ဆောက်ခြင်း အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းအသုံးစရိတ် ငွေကျပ် ၁၅ဝ၄ ဒသမ ၉၇ဝ သန်းကို စုစုပေါင်းငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ် ၁၇၅၈ ဒသမ ၄၇ဝ သန်း၌ ထည့်သွင်းတွက်ချက်ထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း စုစုပေါင်းငွေကျပ် ၁၁၅ဝ ဒသမ ၇၈၅ ဘီလီယံ လျာထားပါကြောင်း၊ ယင်း လျာထားမှု၌ နိုင်ငံတော်၏ လျာထားမှု ငွေကျပ် ၉၅၅ ဒသမ ၈၈၃ ဘီလီယံ ဖြစ်ပြီး ပြည်ပလျာထားမှု ငွေကျပ် ၁၉၄ ဒသမ ၉ဝ၂ ဘီလီယံ ဖြစ်ပါကြောင်း၊ ပြည်ပလျာထားမှုအနေဖြင့် အထောက်အပံ့ငွေကျပ် ၁၅၉ ဒသမ ၃၉၂ ဘီလီယံ၊ ချေးငွေကျပ် ၃၅ ဒသမ ၅၁ဝ ဘီလီယံတို့ကို လျာထားပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လျာထားတောင်းခံထားသော စုစုပေါင်းငွေကျပ် ၁၁၅ဝ ဒသမ ၇၈၅ ဘီလီယံတွင် သာမန်အသုံးစရိတ်အတွက် ငွေကျပ် ၇၃၇ ဒသမ ၂၅၁ ဘီလီယံနှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ငွေကျပ် ၄၁၃ ဒသမ ၅၃၄ ဘီလီယံဖြစ်ပါကြောင်း၊ သာမန်အသုံးစရိတ် ခွဲဝေ ထားမှုတွင် လစာအတွက် ၃၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ခရီးစရိတ်အတွက် သုည ဒသမ ၇၃ ရာခိုင်နှုန်း၊ ပစ္စည်းဝယ်ယူမှုအတွက် ၄၁ ဒသမ ၈၇ ရာခိုင်နှုန်း၊ ပြင်ထိန်းလုပ်ငန်းအတွက် ၇ ဒသမ ၁၁ ရာခိုင်နှုန်း၊ ပညာရေးနှင့် လူမှုရေးအသုံး စရိတ်အတွက် ၁၁ ဒသမ ၆ ရာခိုင်နှုန်း၊ ဧည့်ခံကျွေးမွေးစရိတ်အတွက် သုည ဒသမ ဝ၂ ရာခိုင်နှုန်း၊ အတိုးအတွက် သုည ဒသမ ၁ ရာခိုင်နှုန်းနှင့် ထောက်ပံ့ အတွက် သုည ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ပစ္စည်းဝယ်ယူမှု ၄၁ ဒသမ ၈၇ ရာခိုင်နှုန်း၌ ဆေးဝါးဝယ်ယူမှုအတွက် ၂၅ ဒသမ ၅၇ ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ ဆောက်လုပ်ရေးအတွက် လျာထားသည့် အသုံးစရိတ်ငွေကျပ် ၂၈၅ ဒသမ ၂၆ဝ ဘီလီယံတွင် ဝန်ထမ်းအိမ်ရာအတွက် ၅၉ ရာခိုင်နှုန်းနှင့် ဆေးရုံ၊ အဆောက်အအုံ၊ အားကစားကွင်းရုံအတွက် ၄၁ ရာခိုင်နှုန်း ခွဲဝေ လျာထားပါကြောင်း ရှင်းလင်းတင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး စတုတ္ထ နေ့ကို ဇူလိုင် ၃၁ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
သူရဇော်၊ ဟန်လင်းနိုင်၊ ဓာတ်ပုံ-အေးသန်း(သတင်းစဉ်)

No comments:

Post a Comment