Wednesday, July 4, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်းကော်မတီအတွင်းရေးမှူးများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 3 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကျင်းပရေး လုပ်ငန်း ကော်မတီအတွင်းရေးမှူးများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က အဖွင့်အမှာစကား ပြောကြားရာတွင် ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး အောင်မြင်ရေးအတွက် လုပ်ငန်း ကော်မတီအသီးသီးက အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထား ပါကြောင်း၊ ယခင်ကလည်း ဗဟိုကော်မတီအစည်းအဝေး နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးများ အစည်းအဝေး ကို ကျင်းပခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါတွင် ကြိုတင် ပြင်ဆင်ထားသည်များကို ယခင်ညီလာခံ အစည်းအဝေး အတွေ့အကြုံများနှင့် နှိုင်းယှဉ်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ထားမည်ဟု ယုံကြည်ပါကြောင်း၊ အတွေ့အကြုံ များလာသည်နှင့်အမျှ ပေါင်းစပ်ညှိနှိုင်းမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများသည်လည်း ပိုမိုကောင်းမွန်လာပါ ကြောင်း၊ ယနေ့အစည်းအဝေးတွင် လုပ်ငန်းကော်မတီ အလိုက် မိမိတို့လိုအပ်ချက်များ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်းတင်ပြပေးစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၊ နောက်ဆုံးပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဖိတ်ကြားရေးလုပ်ငန်းကော်မတီ၊ ကြိုဆို နေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်း ကော်မတီ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကော်မတီ၊ ခန်းမ အတွင်း နေရာချထားရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ သတင်း နှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကော်မတီတို့က အသီးသီး ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေ ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ကျင်းပရေးလုပ်ငန်းကော်မတီ အတွင်း ရေးမှူး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment