Friday, July 27, 2018

အခုရာသီမှာ ပရီမီယာလိဂ်ဖလားရဖို့ မန်စီးတီးကို ဘယ်အသင်းတွေ ခြိမ်းခြောက်လာနိုင်မလဲ

Image may contain: 1 person, playing a sport and outdoor
ပရီမီယာလိဂ်ဘောလုံးရာသီကို သြဂုတ် ၁၂ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ မန်စီးတီးအသင်းက လက်ရှိ ချန်ပီယံဆိုတဲ့ ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး မန်စီးတီးအသင်းအနေနဲ့ နှစ်နှစ်ဆက်တိုက်ပရီမီယာလိဂ်ဖလား ဆွတ်ခူးဖို့ဆိုတာတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အခုလာမယ့် ဘောလုံးရာသီမှာ မန်စီးတီးအသင်းရဲ့ အနေအထား ကိုလည်း ပြန်ကြည့်ရမှာဖြစ်ပါတယ်။
မန်စီးတီးအသင်းမှာဆိုရင် တစ်ဦးချင်းစွမ်းဆောင်ရည် ကောင်းတဲ့ကစားသမားတွေရှိနေတာကိုတော့ မေ့ထားလို့ မရပါဘူး။ နည်းပြဂွါဒီယိုလာရဲ့မန်စီးတီးအသင်းမှာ ကီဗင်ဒီဘရိုင်း၊ ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယိုအဂူရို၊ လီရွိုင်းဆာနေးတို့ရှိနေသလို အခုနှစ်မှာ ခေါ်ယူထားတဲ့ မာရက်ဇ်ရဲ့ ခြေစွမ်းကိုလည်း အီတီဟက်ဒ်အတွက် အလုပ် ဖြစ်မလားစောင့်ကြည့်ရဦးမှာပါ။
မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီမီယာလိဂ်ဖလားရရှိခဲ့တဲ့အချိန်မှာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ မန်ယူအသင်းကို ၁၉ မှတ်ဖြတ်ကာ စုစုပေါင်းရမှတ် ၁ဝဝ နဲ့ ပရီမီယာလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ တာဖြစ်ပါတယ်။ အခုဘောလုံးရာသီမှာလည်း ဆုဖလားရဖို့အလားအလာရှိနေပေမယ့် လက်ရှိ ချန်ပီယံမန်စီးတီး အသင်းကို ကျော်ဖြတ်ပြီး ဘယ်အသင်းက ရာသီကုန်မှာ ဆုဖလားသိမ်းပိုက်သွားမလဲဆိုတာက လက်ရှိမှာ မန်စီးတီးအသင်းနဲ့အပြိုင် အသင်းငါးသင်းကို ရွေးထုတ်ထားခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီအသင်းငါးသင်းကတော့ မန်ယူအသင်း၊ စပါးအသင်း၊ ချယ်လ်ဆီးအသင်း၊ လီဗာပူးအသင်းနဲ့ အာဆင်နယ် အသင်းတို့ထဲက ဖြစ်လာဖို့ရာခိုင်နှုန်းများ နေပါတယ်။ တခြားအသင်းတွေထဲကလည်း ဖြစ်လာနိုင်ခြေ ရာခိုင်နှုန်းနည်းနေသေးသလို ပရီမီယာလိဂ်ပြိုင်ပွဲကနေ သင်ယူနေဆဲအသင်းတွေ အတော်များများရှိနေတာ ကိုလည်း သတိမူရမှာပါ။
လီဗာပူးအသင်းကတော့ ဖာဘင်ဟိုကို ကွင်းလယ် အဖျက်နေရာအတွက် ခေါ်ယူထားပြီး ညာနောက်ခံလူနေရာ မှာလည်း အသုံးပြုလို့ရတာနဲ့ ကီတာဟာ လီဗာပူး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြလာနိုင်တာ ကြောင့် အခုအပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ရှာကီရီနဲ့ ဂိုးသမား အဲလစ်ဆင်တို့ကိုပါ ခေါ်ယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ အင်အားတောင့်တင်းနေပါတယ်။ ဘာလို့လည်းဆိုရင် မာနေး၊ ဆာလာနဲ့ ဖာမီနိုတို့ဟာ တိုက်စစ်ပိုင်းမှာ စိတ်ချရ တာကြောင့် တိုက်စစ်ကိုအားထပ်မဖြည့်ခဲ့ပေမယ့် ဆာလာ အနေနဲ့ ပြီးခဲ့တဲ့နှစ်ကလို ခြေစွမ်းမျိုးကို ဆက်လက်ထိန်းထားနိုင်ဦးမယ်ဆိုရင်တော့ ပရီမီယာလိဂ်ဖလားကို မန်စီးတီးအသင်းဆီကနေ ရယူနိုင်ဖို့များပါတယ်။
ချယ်လ်ဆီးအသင်းရဲ့အနေအထားကို ကြည့်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့လေးနှစ်အတွင်း ၂ဝ၁၄-၂ဝ၁၅ မှာ ပရီမီယာလိဂ်ဖလားကို ရယူနိုင်ခဲ့သလို ၂ဝ၁၆-၂ဝ၁၇ မှာလည်း ပရီမီယာလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ ၂ဝ၁၅-၂ဝ၁၆ ဘောလုံးရာသီမှာတော့ ပရီမီယာလိဂ်အမှတ်ပေး ဇယားရဲ့အဆင့်(၁ဝ)နေရာမှာပဲ ရပ်တည်နိုင်ခဲ့တာဖြစ်လို့ ပြီးခဲ့တဲ့ ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီမှာတော့ အဆင့်(၅)နေရာနဲ့ အဆုံးသတ်ခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် လေးနှစ် အတွင်းမှာ ပရီမီယာလိဂ်ဖလား နှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ တာက တစ်နှစ်ခြားတစ်ကြိမ်ဖလားရရှိလာမလားဆို တာက ချယ်လ်ဆီးအသင်းအတွက် မျှော်လင့်ချက်တစ်ခုပါ။
အေဒင်ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထား နိုင်မယ်ဆိုရင်တော့ မျှော်လင့်လို့ရတဲ့အနေအထားပါ။ ကွင်းလယ်ပိုင်းမှာ ကန်တီ၊ ဂျော်ဂျင်ဟိုနဲ့ ဖာဘရီဂတ်စ် တို့ရှိနေသလို ဘာကလေ၊ လော့တက်စ်ချိခ်တို့ရှိနေခြင်းက မန်စီးတီးအသင်းရဲ့ ကွင်းလယ်ပိုင်းထက် သာလွန်နေ တာဖြစ်ပါတယ်။ ထို့ပြင် နာပိုလီအသင်းမှာ ရလဒ်ပိုင်း ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြဆာရီ ရောက်လာခြင်းက ချယ်လ်ဆီးအသင်းအတွက် အားကိုးအားထားပြုစရာဖြစ်ပါတယ်။ နောက်တန်း ခံစစ်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း အက်ပီလီကူတာ၊ ရူဒီဂျာ၊ ခရစ်တန်ဆန်နဲ့ အလွန်ဆိုတို့ ရှိနေပါတယ်။ အေဒင်ဟာဇက်သာ ချယ်လ်ဆီးမှာ ဆက်ရှိနေမယ် ဆိုရင်တော့ နည်းပြဆာရီရဲ့ ကစားသမားကိုင်တွယ်မှုနဲ့အတူ ချယ်လ်ဆီးအသင်းဟာ အခုရာသီမှာ မန်စီးတီးအသင်း ဆီကနေ ပရီမီယာလိဂ်ဖလားကို ယှဉ်ပြိုင်လုယူဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်သွားမှာပါ။
မန်ယူအသင်းကတော့ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ လူကာကူတို့ရှိနေပေမယ့် မန်စီးတီးအသင်းက ဒီဘရိုင်း၊ ချယ်လ်ဆီးအသင်းက ဟာဇက်တို့ရဲ့ တစ်ကိုယ်တော်ခြေစွမ်းပိုင်းကို မမီသေးပါဘူး။ အဲဒီမှာ စိတ်ဝင်စားစရာကောင်းတာက ဆန်းချက်ဇ်ပါ။ ပြီးခဲ့တဲ့ရာသီက ဆန်းချက်ဇ်အနေနဲ့ ယုံကြည်မှုလွန်ကဲ ခဲ့တာတွေကြောင့် ထင်တိုင်းမပေါက်ခဲ့ပေမယ့် အာဆင်နယ်ရောက်စမှာ ကစားခဲ့သလို အခုရာသီမှာ ဆန်းချက်ဇ်ရဲ့ ခြေစွမ်းပိုင်းတည်ငြိမ်လာမယ်ဆိုရင်တော့ ဖလားရဖို့မျှော်လင့်လို့ရမှာပါ။ အခုအပြောင်း အရွှေ့မှာလည်း ဖရက်ဒ်၊ ဒါလော့နဲ့ ဂရန့်တို့ကို ခေါ်ယူ ထားပါတယ်။ မော်ရင်ဟိုက အပြောင်းအရွှေ့မပိတ်မီ ကစားသမားနှစ်ဦးမကခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အဲဒီလို ထပ်မံခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ တောင့်တင်း တဲ့အသင်းတစ်သင်းဖြစ်လာပြီး ဖလားရဖို့စိန်ခေါ်နိုင်မှာပါ။
အခုအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှု တစ်စုံတစ်ရာမပြုလုပ်ရသေးတဲ့ စပါးကလည်း ကစားသမား အပြောင်းအလဲမရှိတာမို့ အထိုင်ကျပြီးသားလို့ ဆိုရမှာပါ။ လူကက်မိုရာ၊ ဆွတ်ဟောင်မင်၊ ဒမ်ဘီလီ၊ ဗာတွန်ဂန်စတဲ့ ကစားသမားတွေဟာ ကစားသမားကောင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း ရမှတ် ၇၇ မှတ်စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားရဲ့အဆင့်(၃)နေရာမှာ ရပ်တည် နိုင်ခဲ့တာပါ။
ထို့အပြင် အဲရစ်ဆင်ရဲ့ခြေစွမ်းက ပြီးခဲ့တဲ့ဘောလုံး ရာသီမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး အဖြစ်တင်စားခံခဲ့ရတာဖြစ်ပါတယ်။ ဒီလီအလီဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် စပါးမှာတော့ ဟယ်ရီကိန်းနဲ့တွဲဖက်ကစားရင် တိုက်စစ်ပိုင်းမှာ အားရ စရာခြေစွမ်းတွေ ပြသလေ့ရှိတာမို့ ပရီမီယာလိဂ်ဖလားကို ရဖို့ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့အသင်းတစ်သင်းဖြစ်လာမှာပါ။
အာဆင်နယ်အသင်းကတော့ နည်းပြအာစင်ဝင်းဂါး ထွက်သွားလို့ မန်ယူအသင်းကနေ ဖာဂူဆန်ထွက်သွားတုန်း ကလို ကစဥ့်ကလျားဖြစ်သွားလိမ့်မယ်လို့ တော်တော် များများက မျှော်လင့်ထားခဲ့ပေမယ့် နည်းပြအီမာရီ လက်အောက်မှာ အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်လာဖို့ရှိနေပါတယ်။
မာတီဆက်ကာအနားယူသွားသလို ဝီရှိုင်းယားနဲ့ ကာဇိုလာတို့လည်း အသင်းကနေ ထွက်ခွာသွားပါတယ်။ ဒါပေမယ့် တော်ရီရာ၊ ဘန်လီနို၊ ဆိုကရေးတစ်၊ လစ်စတိန်းနားတို့ကို ခေါ်ယူထားခဲ့ပြီဖြစ်တာမို့ ကစား သမားသစ်တွေနဲ့ နည်းပြသစ်တို့ရဲ့ လက်တွဲမှုနဲ့အတူ ပရီမီယာလိဂ်ဖလားရဖို့ ဘယ်လောက်အထိ စွမ်းဆောင် နိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့်အသင်းပါ။
ငွေကြယ်

No comments:

Post a Comment