Tuesday, July 3, 2018

တာချီလိတ်နယ်စပ်ဝင်ပေါက်မှ တစ်ဆင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ လည်ပတ်

Image may contain: 2 people, people standing and outdoor
နေပြည်တော် ဇူလိုင် ၂
နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားဧည့်သည်များ သည် မြန်မာနိုင်ငံ၏ ရေမြေတောတောင် သဘာဝ အလှများ၊ ခရီးသွားဆွဲဆောင်သည့်နေရာများ၊ တိုင်းရင်းသားတို့၏ မတူကွဲပြားသည့် ရိုးရာယဉ် ကျေးမှုဓလေ့စရိုက်များ၊ လူနေမှုဘဝပုံစံများကို ကြည့်ရှုလေ့လာ သိမြင်ခံစားနိုင်ရန်အတွက် အပြည် ပြည်ဆိုင်ရာဝင်ပေါက်များနှင့် နယ်စပ်ဝင်ပေါက် များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ အဆက် မပြတ် ဝင်ထွက်သွားလာ လည်ပတ်လျက်
ရှိသည်။
ဇွန် ၂၂ ရက်မှ ၂၈ ရက်အထိ တာချီလိတ် နယ်စပ်ဝင်ထွက်ပေါက်မှတစ်ဆင့် ညအိပ်၊နေ့ချင်း ပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသားနှင့် တတိယနိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၁၈၁၇၂ ဦး၊ မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၁၁၃ ဦး၊ ဗီဇာဖြင့်လာရောက် လည်ပတ်ကြသည့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၁ဝ၉ ဦးရှိကြောင်း သိရသည်။
နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် အများစုသည် တာချီလိတ်မြို့ ရှိ အထင်ကရနေရာများဖြစ်သော တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိဘုရားကြီး၊ ဝမ်ကောင်းဈေး၊ ကိုးမြို့ရှင်နတ်နန်း၊ ရွှေတိဂုံစေတီ တော်၊ မြို့လယ်ဓမ္မာရုံ၊ ပဒေါင်ကျေးရွာ၊ နဂါးနှစ် ကောင် ဆရာတော်ကျောင်း၊ ကွမ်ရင်မယ်တော် တရုတ်ဘုံကျောင်း၊ ကျောက်တန်းဈေးများသို့ သွား ရောက် လည်ပတ်ကြသည်။
ညအိပ်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များသည် မိုင်းဖြတ်မြို့ရှိ မြတ်စွာဘုရားခြေတော်ရာစေတီ၊ ဈေးတန်းကြီး ဘုန်းကြီးကျောင်း၊ ကျိုင်းတုံမြို့အဝင် ဗုဒ္ဓဥယျာဉ်နှင့် ကျိုင်းတုံမြို့ရှိ မဟာမြတ်မုနိ၊ ဟိုခုံကျောင်း၊ မြဘုရားကျောင်း၊ ကျိုင်းရင်း ဘုန်းကြီးကျောင်း၊ ဝပ်အင်းကျောင်း၊ စွန်တောင် စေတီ၊ ကျော့မ်ဆရီစေတီ၊ ရမ်ကုန်းကျောင်း၊ ပါလျန်ကျောင်း၊ ရပ်တော်မူ၊ သစ်တစ်ပင်တောင်၊ ကမ္ဘာအေးစေတီ၊ စံပြယန်းလောကျေးရွာ၊ ကတ်တောင်ကျေးရွာအနီးရှိ ကိုးထပ်ရေတံခွန် စသည့် အထင်ကရနေရာများသို့ သွားရောက် လည်ပတ်ကြသည်။
တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့်
ဝင်ရောက်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည် အရေအတွက်မှာ ၂ဝ၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၂၈ ရက်အထိ ထိုင်းနိုင်ငံသားနှင့် တတိယ နိုင်ငံသား အများစု ပါဝင်သော နေ့ချင်းပြန်ခရီးသည် စုစု ပေါင်းမှာ ၁၉၈၆၃၄ ဦး ဖြစ်ပြီး မိုင်းဖြတ်၊ ကျိုင်းတုံ ခရီးစဉ်အနေဖြင့် ခရီးသည် စုစုပေါင်း ၂၁ဝ၆ ဦးနှင့် ဗီဇာဖြင့် တာချိတ်လိတ်မှတစ်ဆင့် လေယာဉ်ခရီးစဉ် ဖြင့် ပြည်တွင်းသို့ ဝင်ရောက်လည်ပတ်သည့် ခရီး သည်စုစုပေါင်း ၁၆၉ဝ တို့ ဝင်ရောက်လည်ပတ်ခဲ့ ကြောင်းသိရသည်။
ကြေးမုံ

No comments:

Post a Comment