
ရန်ကုန် ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ ခရီးသွားလာရေးလွယ်ကူအဆင်ပြေချောမွေ့ စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ခရီးသည်များ လုံခြုံမှုရှိစေရေး အတွက်Yangon Water Bus မြစ်တွင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းမှ ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်းနှင့် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလမြို့နယ် သမတကမ်းခြေရပ်ကွက်ရှိ သမတဆိပ်ကမ်းနှင့် အံ့ကြီးအရှေ့ ရပ်ကွက်ရှိ အံ့ကြီးဆိပ်ကမ်းတို့သို့ ရန်ကုန်ဝါးတားဘတ်စ် ခရီးစဉ်တိုးချဲ့ပြေးဆွဲ ပေးခြင်းကို ယနေ့နံနက် ၆ နာရီ ၂ဝ မိနစ်က အဆိုပါ ဆိပ်ကမ်းတို့၌ စတင် ဖွင့်လှစ်ခဲ့ရာ ခရီးသွားပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ လိုက်ပါ စီးနင်းခဲ့ကြသည်။
နေ့စဉ်စက်တပ်သမ္ဗန်ဖြင့် ခရီးသွားလာနေသော အံ့ကြီးအရှေ့ရပ်ကွက်နေ ကျောင်းဆရာမ ဒေါ်အေးသန္တာအောင်က ''ဒီနေ့က ရန်ကုန်ဝါးတားဘတ်စ်စပြီး ခရီးစဉ်ပြေးဆွဲမယ်ဆိုတဲ့ သတင်းရထားလို့ လာဖြစ်ခဲ့တာပါ၊ အစဆိုတော့ ခရီးသည်နည်းတယ်၊ မသိသေးတာလည်းရှိလိမ့်မယ်၊ အသက်ကယ်အင်္ကျီတွေ ထိုင်ခုံအားလုံးမှာ ထားရှိပေးတာကို တွေ့ရတယ်၊ စီးရတာလုံခြုံမှုရှိလို့ နောက် လည်း ဒီကပဲသွားဖြစ်မှာပါ၊ ခရီးစဉ်တိုးချဲ့ပြေးဆွဲပေးတဲ့အတွက် ဒေသခံပြည်သူ တစ်ယောက်အနေနဲ့ ကျေနပ်ပျော်ရွှင်ရပါတယ်''ဟု ပြောသည်။
ရန်ကုန်နှင့်ဒလဘက်ကမ်းခရီးစဉ်တွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၃ဝဝ ကျသင့်မည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အတွက် တစ်ဦးလျှင် ငွေကျပ် ၂ဝဝ ကျသင့်မည်ဖြစ်ကြောင်းလည်း သိရသည်။ ယနေ့ခရီးစဉ် တိုးချဲ့ပြေးဆွဲသည့်နေ့တွင် ပြည်သူများနှင့် ကျောင်းသားများအား အခမဲ့စီးနင်းခွင့်ပေးပြီး ကြာဆံချက်စတုဒိသာဖြင့် ဧည့်ခံခဲ့ကြောင်း သိရသည်။
စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ နေ့စဉ်ဖြတ်သန်း သွားလာရာ၌ ရန်ကုန်မြစ်ရေလမ်းကြောင်းကို ဖြတ်သန်းပြီး အလုပ်လုပ်ကိုင်နေကြသော ဒေသခံပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ ရေလမ်း ကြောင်းခရီးသွားလာရေး ဘေးကင်းလုံခြုံမှုရှိစေရန် ရန်ကုန်ဝါးတားဘတ်စ် ခရီးစဉ်ကို ဒလမြို့နယ်အတွင်းရှိ ဆာပါချောင်ရပ်ကွက်၊ သမတကမ်းခြေရပ်ကွက်နှင့် အံ့ကြီး အရှေ့ရပ်ကွက်တို့ကို ခရီးစဉ်တိုးချဲ့၍ ပြေးဆွဲပေးခြင်းဖြစ်ပြီး ရန်ကုန်ဝါးတားဘတ်စ် (နှစ်ထပ်)သင်္ဘော၌ ခရီးစဉ် တစ်ခေါက်လျှင် ခရီးသည် စုစုပေါင်း ၁ဝ၃ ဦးခန့် လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။
Yangon Water Bus မြစ်တွင်းခရီးသည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းမှ ပြည်သူများ လုံခြုံချမ်းမြေ့စွာ ခရီးသွားလာနိုင်ရေးအတွက် သမတဆိပ်ကမ်းမှ ဗိုလ်တထောင်ဆိပ်ကမ်း၊ အံ့ကြီးဆိပ်ကမ်းမှ ပန်းဆိုးတန်း ဆိပ်ကမ်းသို့ နံနက်ပိုင်း ခရီးစဉ်တွင် နံနက် ၆ နာရီ မိနစ် ၂ဝ မှစတင်ပြီး နံနက် ၉ နာရီခွဲအထိ ပြေးဆွဲပေးသွား မည်ဖြစ်ပြီး ဗိုလ်တထောင်ဆိပ်ကမ်းမှ သမတဆိပ်ကမ်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ အံ့ကြီးဆိပ်ကမ်းတို့သို့ ညနေပိုင်း ခရီးစဉ်အဖြစ် ညနေ ၄ နာရီ မှ ည ၇ နာရီ ၁ဝ မိနစ်အထိ ဒေသခံပြည်သူများနှင့် ကျောင်းသား ကျောင်းသူများကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါYangon Water Bus ဖွင့်လှစ်ခြင်း အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးထွေးတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် Yangon Water Bus ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ပြီး လိုက်ပါစီးနင်းခဲ့ကြကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)
No comments:
Post a Comment