Tuesday, June 26, 2018

အရည်အသွေးမြင့်မားသော ရုပ်သံအစီအစဉ် ရိုက်ကူးထုတ်လွှင့်နိုင်ရေးအတွက် ရွှေသံလွင်ကုမ္ပဏီလီမိတက်နှင့် NHKတို့ ပူးပေါင်းဆောင်ရွက်မည်

Image may contain: 4 people, wedding and crowd
ရန်ကုန် ဇွန် ၂၅
အစိုးရသစ်ကာလတွင် ဂျပန်နှင့် မြန်မာ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး ပူးပေါင်းဆောင်ရွက်မှုများ နယ်ပယ် အသီးသီးတွင် ရှိနေပြီးဖြစ်ကြောင်း၊ DVC ကုမ္ပဏီ (Dream Vision Co.,Ltd.) မှ မြန်မာနိုင်ငံရှိ ပြည်သူလူထု အတွက် ဂျပန်နိုင်ငံ၏ သတင်းများ၊ ယဉ်ကျေးမှုများ၊ ကမ္ဘာ ကြီးတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို မြန်မာ ပြည်သူများသိရှိ၊ ကြည့်ရှုနိုင်ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား သည်။
ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပသည့် ရွှေသံလွင်ကုမ္ပဏီလီမိတက်နှင့် ဂျပန်နိုင်ငံNHKတို့ ပူးပေါင်း၍ Myanmar National ရုပ်သံလိုင်း (MNTV)တွင် အရည်အသွေးမြင့်မားသော ရုပ်သံအစီအစဉ် များ ရိုက်ကူးထုတ်လုပ်နိုင်ရေးအတွက် ထူထောင်ခဲ့သည့် DVC ကုမ္ပဏီ (Dream Vision Co., Ltd.) စတင် မိတ်ဆက်ခြင်းအခမ်းအနားတွင် ဝန်ကြီးချုပ်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဂျပန်အစိုးရအဖွဲ့ကိုယ်စား ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး မစ္စတာအိဇုမိက ပေးပို့ သည့်သဝဏ်လွှာပါ ယခုကုမ္ပဏီထူထောင်ရန် မြန်မာ- ဂျပန် နှစ်နိုင်ငံမှ ကူညီပေးသူများကို ကျေးဇူးတင်ပါကြောင်း၊ ဂျပန်အစိုးရက မြန်မာနိုင်ငံ တိုးတက်ရေးအတွက် အစွမ်း ကုန် ကူညီပေးရန် ဆုံးဖြတ်ထားပါကြောင်း၊ အထူးသဖြင့် ၂ဝ၁၆ ခုနှစ်မှစတင်ပြီး ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ကူညီပူးပေါင်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါ ကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်နေပါကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် ရုပ်မြင်သံကြားထုတ်လွှင့်ရေးကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ မြန်မာပြည်သူလူထု လိုအပ်သည့် သတင်းများကို ပေးနိုင်သည့်တာဝန်ကို ထမ်းဆောင်နိုင်ပါကြောင်း၊ ဂျပန်နိုင်ငံသည် ၁၉၈ဝ ပြည့်နှစ် ဝန်းကျင်ခန့်မှစ၍ မြန်မာနိုင်ငံ၏ အသံထုတ်လွှင့်ရေး ကဏ္ဍများကို အကူအညီများပေးခဲ့ပြီး ဆက်၍ပေးနေပါ ကြောင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအဖြစ် ယခုဖွင့်လှစ်လိုက်သည့် ကုမ္ပဏီက ဂျပန်မှ နည်း ပညာဖြင့် ပို၍အဆင့်မြင့်သည့် ရုပ်မြင်သံကြားအစီအစဉ် များကို မြန်မာလူထုက မြင်ကြားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ ထို့ကြောင့် ယနေ့မှစကာ မြန်မာ-ဂျပန် ယဉ်ကျေးမှုသာမက လူထုအချင်းချင်း နားလည်မှုများ ပါ ဆက်ပြီးတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း၊DVC ၏ အောင်မြင်မှု၊ မြန်မာနိုင်ငံ၏ ရုပ်မြင်သံကြားထုတ်လွှင့်ရေး အောင်မြင်မှုသည် မြန်မာ-ဂျပန် ချစ်ကြည်ရေးတိုးတက်မှု ကို ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း အမှာစကားကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr.Maruyama Ichiro က ဖတ်ကြားသည်။
DVC တွင် ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ကြသော ဂျပန် ရှယ်ယာရှင်များဖြစ်ကြသည့် CJFဥက္ကဋ္ဌ မစ္စတာလီဂျီမာ၊JICTဥက္ကဋ္ဌ မစ္စတာ တာကာရှီမာ၊JIB ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် မစ္စတာရှီမီဇူတို့ကလည်း ''ယနေ့ ဖွင့်လှစ်လိုက်တဲ့ ကုမ္ပဏီအသစ်ကတစ်ဆင့် ဂျပန်နိုင်ငံရဲ့ လူကြိုက်များတဲ့ ရုပ်သံအစီအစဉ်တွေပါဝင်တဲ့ ပူးပေါင်း ထုတ်လွှင့်မှုတွေ၊ ရုပ်သံလွှင့်ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု အသိပညာအသုံးပြုမှုကို မျှဝေပေးလိုတဲ့အပြင် စတူဒီယို နောက်ဆုံးပေါ် ရုပ်သံလွှင့်ကိရိယာတွေသုံးပြီး မြန်မာနိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပူးပေါင်းကူညီပေးသွားမှာဖြစ် ပါတယ်၊ နှစ်နိုင်ငံကြားပေါင်းကူးသဖွယ် အထောက်အကူပြု နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်၊DVC က ဖန်တီး ထုတ်လုပ်မယ့် ရုပ်သံအစီအစဉ်တွေမှာ မြန်မာပြည်ရဲ့ တိုးတက်ပြောင်းလဲမှုအသစ်တွေအတွက် များစွာအထောက် အကူပြုသွားမယ်လို့ ယုံကြည်ပါတယ်၊DVC ရဲ့ ပရိုဂရမ် တွေကိုMNTV ရုပ်သံလိုင်းက ထုတ်လွှင့်သွားမှာ ဖြစ်ပါ တယ်။DVC ထုတ်လွှင့်မှုတွေကို မြန်မာပြည်သူလူထု စိတ်ဝင်စားယုံကြည်ရတဲ့ ရုပ်သံလိုင်းတစ်ခုဖြစ်အောင် ဆောင်ရွက်သွားမယ်၊NHKနဲ့ ရွှေသံလွင်မီဒီယာဂရုရဲ့ တွေ့ဆုံမှုက လွန်ခဲ့တဲ့ ခြောက်နှစ်မတိုင်မီကSkynet မှာ NHKထုတ်လွှင့်မှုက အစပြုခဲ့ရာကနေ အခုလို ကုမ္ပဏီ ထူထောင်တဲ့အထိ ပြောင်းလဲတိုးတက်လာခဲ့ပါတယ်'' ဟု ပြောကြားခဲ့ကြသည်။
'DVCက တင်ဆက်မယ့် အစီအစဉ်တွေ၊ တကယ် ကောင်းမယ့် တင်ဆက်မှုတွေကို ဆက်လက်အားပေးပါ၊ အားလုံးအတွက်၊ နိုင်ငံအတွက်၊ နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ဦးတည်တာဖြစ်တဲ့အတွက် အားလုံးပူးပေါင်း ပေးပါလို့လည်း ပြောချင်ပါတယ်၊ Edutainment ၊ Entertainment နဲ့Infortainment တွေကို အဓိကထားပြီး ဘက်ပေါင်းစုံက အားလုံးပူးပေါင်းပါဝင်ဖို့ ပြောချင်ပါတယ်''ဟု DVC ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းမောက် လောင်ဝ်ဆိုင်က ပြောသည်။
DVC ကုမ္ပဏီ(Dream Vision Co.,Ltd.)ကို မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ထူထောင်ခဲ့ခြင်းဖြစ်ပြီး NHKနှင့်MNTV တို့ ပူးပေါင်း၍ ပြည်သူများအတွက် ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်များ၊ လူငယ်များဘဝအတွက် အထောက်အကူပြု မည့် သုတ၊ ရသ အစီအစဉ်များကို ထုတ်လွှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီးက ''မြန်မာနိုင်ငံက ကျွန်တော်တို့ ဂျပန်နိုင်ငံ အတွက် ကျေးဇူးရှိတဲ့ နိုင်ငံဖြစ်ပါတယ်၊ မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေးအရ အင်မတန်အရေးကြီးတဲ့အချိန်ကို ရောက်နေပါပြီ၊ အဲဒီအချိန်ကို ကျော်လွှားနိုင်ရင် မြန်မာ နိုင်ငံရဲ့အနာဂတ်ဆိုတာ တိုးတက်ပြီး အလားအလာ ကောင်းမွန်မှာပါ၊ မြန်မာနိုင်ငံကို အစွမ်း ကုန်အကူအညီ ပေးဖို့ဆိုတာက ကျွန်တော်တို့ ဂျပန်အစိုးရရဲ့ ရပ်တည်ချက် ဖြစ်ပါတယ်၊ နှစ်နိုင်ငံလူထုအချင်းချင်း နားလည်မှုအပြည့် အဝရှိမှ ပိုပြီး ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုတာ ခိုင်မာစွာယုံကြည်ပါတယ်၊ ပြည်သူလူထုအချင်းချင်း နားလည်မှုရဖို့အတွက် ယဉ်ကျေးမှုဖလှယ်ရေးကို စဉ်းစားတဲ့ အခါ ရုပ်မြင်သံကြားကို ကျွန်တော်တို့ ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ထုတ်လွှင့်နိုင်မယ်ဆိုရင် ပိုပြီး ထိထိရောက်ရောက် နဲ့ နားလည်မှု ပိုပြီးတိုးတက်နိုင်မယ်လို့ ကျွန်တော်ယုံကြည် ပါတယ်၊ အခုမြန်မာနိုင်ငံက ထုတ်လွှင့်နေတဲ့ ရုပ်မြင် သံကြားအစီအစဉ်တွေကလည်း ကောင်းပါတယ်၊ အဲဒီ ကောင်းတဲ့ အစီအစဉ်တွေကို ပိုပြီးတော့ ကောင်းအောင် မြန်မာပြည်သူလူထုသာမက နိုင်ငံတကာကလည်း ပိုပြီး လက်ခံနိုင်အောင် ကျွန်တော်တို့ မြန်မာကုမ္ပဏီများနဲ့ ပူးပေါင်းပြီးလုပ်ဆောင်တဲ့ ဆန္ဒသဘော ဖြစ်ပါတယ်၊ မြန်မာ နိုင်ငံကို လာလည်ချင်တဲ့ ဂျပန်လူမျိုး ခရီးသွားတွေ အများကြီးရှိပါတယ်၊ မြန်မာနိုင်ငံ၊ မြန်မာ လူမျိုးကို ကျွန်တော်တို့ သံယောဇဉ်ရှိပါတယ်၊ အခု ရုပ်မြင်သံကြား အစီအစဉ်က ထုတ်လွှင့်လိုက်မယ်ဆိုရင် ဂျပန်နိုင်ငံက ဂျပန်လူမျိုးတွေအားလုံးတောင်မှ လာလည်ကြမယ်လို့ ကျွန်တော်ယူဆပါတယ်''ဟု မြန်မာ့သတင်းစဉ်၏ မေးမြန်း မှုကို ဖြေကြားသည်။
ဝင်းဝင်းမော်၊ နန္ဒာဝင်း၊ ဓာတ်ပုံ- ဇော်မင်းလတ်

No comments:

Post a Comment