
စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC)ကျောင်းအုပ် ဆရာတော် ဘဒ္ဒန္တသောဘိတသည် ကုလသမဂ္ဂက ချီးမြှင့်သည့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆုရရှိ ကြောင်း သိရသည်။
စွမ်းစွမ်းတမံဆောင်ရွက်ခဲ့
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ယခုနှစ် ဇွန် ၂၉ ရက်မှ ဇူလိုင် ၂ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ ငြိမ်းချမ်းရေးညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)(မြန်မာ)IBEC-Netherlands သာသနာပြုကျောင်း ဦးဆောင်တည်ထောင်သူဖြစ်သော ဆရာတော် ဘဒ္ဒန္တသောဘိတအား ပြည်တွင်း ပြည်ပငြိမ်းချမ်းရေး၊ ပညာရေးနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည်များကို အသိအမှတ် ပြုသောအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအဖွဲ့ များနှင့် ဆွီဒင်နိုင်ငံရှိ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့များက စီစဉ်၍ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဆုကိုပေးအပ် မည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာ(IBEC)၏ ပဓာနနာယက ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တသောဘိတသည် ၂ဝ၁၅ ခုနှစ်အတွင်းက ကိုရီးယားနိုင်ငံအခြေစိုက် ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီး၏ ငြိမ်းချမ်းရေး သံတမန်အဖြစ် ခန့်အပ်ခြင်းခံရသည်။
သာသနာပြုကျောင်းဖွင့်လှစ်
ဘဒ္ဒန္တသောဘိတ အရှင်သူမြတ်သည် စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးတွင် အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC) ကို တည်ထောင်ခဲ့ပြီး အဆိုပါ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ၌ ပရိယတ္တိပညာရေး ကဏ္ဍ၊ ဘုန်းတော်ကြီးသင်ပညာရေး အထက်တန်း ကျောင်း၊ လူငယ်များအတွက် အင်္ဂလိပ်စာနှင့်Human Resource Management မြှင့်တင်ရေး လုပ်ငန်းမြောက်မြားစွာကိုလည်း ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် ကျွန်းလှမြို့တွင် သီတဂူဗုဒ္ဓ တက္ကသိုလ်ကိုတည်ထောင်ပြီး Community in Buddhism သင်တန်းများဖွင့်လှစ်ကာ သင်ကြား ပို့ချနေသည့်အပြင် နိုင်ငံတကာသာသနာပြုလုပ်ငန်း များ၊ ပညာရေးအစီအစဉ်များကိုလည်း နယ်သာလန် နိုင်ငံတွင်IBECသာသနာပြု ကျောင်းဖွင့်လှစ်ပြီး ဆောင်ရွက်နေကြောင်း စစ်ကိုင်းမြို့ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေး စင်တာကျောင်းမှ သိရသည်။
တင်မောင်(မန်းကိုယ်ပွား)
No comments:
Post a Comment