Thursday, June 28, 2018

မောင်တောဒေသ၌ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးICRC ဥက္ကဋ္ဌ မြေပြင်သွားရောက်လေ့လာ

Image may contain: 2 people, people sitting and table
စစ်တွေ ဇွန် ၂၇
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer နှင့် အဖွဲ့သည် ဇွန် ၂၆ ရက်က စစ်တွေမြို့သို့ ရောက်ရှိကာ ရေကြောင်းခရီးဖြင့် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ကာ ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ် ဘာသာဝင်များနှင့် တွေ့ဆုံ ပြီး ၎င်းတို့ ကြုံတွေ့ခံစားနေရသည့် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါခရီးစဉ်နှင့် ပတ်သက်၍ICRCဥက္ကဋ္ဌက ''ကျွန်တော်တို့ မောင်တောနဲ့ ဘူးသီးတောင်ဒေသတွေ ကို သွားခဲ့ပါတယ်။ မောင်တောကနေ ငါးခူရစခန်းမှာရှိသူတွေကို အကူအညီ ပေးနေတာကို သွားကြည့်ရှုခဲ့ပါတယ်။ နောက်ပြီးတော့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံပြီး နှစ်ဖက် အမြင်တွေကို ဖလှယ်ကြပါတယ်။ ရှေ့ကို ဘယ်လိုပူးပေါင်းဆောင်ရွက် နိုင်မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။ မနက်ဖြန်မှာ ဒီက အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်''ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ''ICRC ဟာ ကြားနေပြီးတော့ ဘက်လိုက်မှုမရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ လိုအပ်ချက်ရှိတဲ့သူတွေနဲ့ ဘယ်အဖွဲ့ အစည်းကိုမဆို ICRC အနေနဲ့ လွတ်လပ်စွာ ကြားနေပြီးတော့ အကူ အညီပေးသွားမှာပါ။ ဒီနေ့ ကျွန်တော် တွေ့ခဲ့တာမှာ ရခိုင်ပြည်နယ်မှာရှိတဲ့ သူတွေအားလုံးက အကြမ်းဖက်မှု ဒဏ်ကို ခံခဲ့ရပါတယ်။ ဒါကြောင့်မို့ သူတို့ရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့လိုပါတယ်။ ပညာ ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလို လုပ်ငန်းမျိုးတွေ၊ သန့်ရှင်းတဲ့ သောက်သုံးရေရရှိရေးတွေ၊ အဲဒီ အပြင် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ စသဖြင့် အဲဒါတွေကို ဆောင်ရွက်ဖို့လိုပါတယ်။ ဒါကြောင့်မို့ အခြေအနေတွေ အမြန်တည်ငြိမ်လာ ဖို့လည်း လိုပါတယ်။ ICRC အနေနဲ့ လည်း အဲဒီလို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက် ပေးနေပါတယ်'' ဟု သတင်းအဖွဲ့ကို ပြောကြားသည်။
သတင်း-အောင်သူရ၊ နေဝင်းထွန်း
ဓာတ်ပုံ-ခင်မောင်ဝင်း

No comments:

Post a Comment