
အမျိုးသမီးကေပေါ့ပ်အဖွဲ့ 'BLACK PINK''ရဲ့ နောက်ဆုံးထုတ်လွှင့် ခဲ့တဲ့ မီနီတေးအယ်လ်ဘမ်မှာ ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ''DDU-DU DDU-DU''ရဲ့ တေးဗီဒီယိုဟာ နောက်ထပ်စံချိန်တစ်ခု ကို ထပ်မံချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ တေးသီချင်းသစ် ''DDU-DU DDU-DU'' ရဲ့ တေးဗီဒီယိုဟာ ကြည့်ရှုသူပရိသတ် သန်း ၈ဝ ကို စတင်ထုတ်လွှင့်ခဲ့သည်မှ အချိန်အတိုဆုံးနဲ့ ရရှိခဲ့တဲ့ တေးဗီဒီယို အဖြစ် စံချိန်တင်လိုက်ပြီဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။
တေးအယ်လ်ဘမ်သစ်နဲ့အတူ ''DDU-DU DDU-DU''ကို ပြီးခဲ့တဲ့ ဇွန် ၁၅ ရက် ညပိုင်းက စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ဇွန် ၂၂ ရက် နေ့လယ်ပိုင်းမှာတော့ ယင်းတေးဗီဒီယိုကို ယူကျုပေါ်ကနေ တစ်ဆင့် ကြည့်ရှုခဲ့သူပရိသတ် သန်း ၈ဝ ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါတေးဗီဒီယိုဟာ စတင်ထုတ်လွှင့်ခဲ့ပြီးနောက် ရက်သတ္တပတ်မပြည့်မီမှာပင် ပရိသတ် သန်း ၈ဝ ပိုင်ဆိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ယခင်က ဒီစံချိန်ကို အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ''TWICE''က ''Likey'' တေးသီချင်းနဲ့ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ''TWICE'' ကတော့ ပရိသတ် သန်း ၈ဝ ကို စတင်ထုတ်လွှင့်ခဲ့သည်မှ ၂၂ ရက်အတွင်း ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
''BLACK PINK''ရဲ့ မီနီတေးအယ်လ်ဘမ်သစ် ''Square Up'' မှာ ပါဝင်တဲ့ ''DDU-DU DDU-DU'' တေးဗီဒီယိုကတော့ ပရိသတ် ဆယ်သန်းစီပြည့်ခဲ့တဲ့ မှတ်တိုင်တိုင်းမှာ စံချိန်သစ်တွေ တင်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
ဇွန် ၁၆ ရက်မှာတော့ ယင်းတေးအယ်လ်ဘမ်ဟာ ကမ္ဘာတစ်ဝန်း ကiTunesတေးဂီတဇယား ၃၈ ခုမှာ နံပါတ်တစ်နေရာယူထားခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ''DDU-DU DDU-DU''တေးသီချင်းရဲ့ တေးဗီဒီယိုဟာ ကြည့်ရှုသူပရိသတ် ၁ဝ သန်း၊ သန်း ၂ဝ ကို အချိန် အတိုဆုံးနဲ့ ပိုင်ဆိုင်နိုင်ခဲ့တဲ့ တေးဗီဒီယိုဖြစ်လာခဲ့ပါတယ်။ စတင် ထုတ်လွှင့်ခဲ့သည်မှ ၈၂ နာရီအတွင်း ကြည့်ရှုသူပရိသတ် သန်း ၆ဝ ပြည့်ခဲ့ကာ စံချိန်သစ်ချိုးခဲ့ပြီး လတ်တလောမှာတော့ ပရိသတ် သန်း ၈ဝ ပြည့်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
အေးပြည့်
No comments:
Post a Comment