
တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတစ်ဦးဖြစ်တဲ့ ဂျိုဂျန်ဆပ်ဟာ သူ့ရဲ့ချစ်သူ တေးသံရှင် ဂမ်မီနဲ့ မကြာမီ လက်ထပ်တော့မှာဖြစ်ကြောင်း မင်းသားက ပရိသတ်တွေကို သူ့ရဲ့ လူမှုကွန်ရက် မီဒီယာစာမျက်နှာပေါ်ကနေတစ်ဆင့် အသိပေးခဲ့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြ ချက်တွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်မှာ ဂျိုဂျန်ဆပ်က သူ့ရဲ့အင်စတာဂရမ်မှာ ဂမ်မီနဲ့ လက်ထပ်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားဖို့ရာ စီစဉ်ထားကြောင်း ထုတ်ဖော်ခဲ့တာပါ။ သူနဲ့ ပေါ့ပ်ကြယ်ပွင့် ဂမ်မီတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်အတွင်း ချစ်သူတွေအဖြစ် စတင်လက်တွဲခဲ့ကြတာဖြစ်ပြီး နှစ်တွေအကြာကြီး အတူရှိခဲ့ပြီးနောက်မှာတော့ နှစ်ဦးသားမိသားစုဘဝကို တည်ဆောက်ဖို့ရာ ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဂျိုဂျန်ဆပ်က ပရိသတ်တွေအတွက် ရည်ရွယ်ရေးသားခဲ့တဲ့ စာအရှည်ကြီးမှာ သူ့ရဲ့ မင်္ဂလာသတင်းကို မီဒီယာစာမျက်နှာတွေပေါ်ကနေတစ်ဆင့် ကြားသိရခြင်းထက် သူကိုယ်တိုင် ပြောကြားတာကို သိစေချင်ကြောင်း၊ သူ့ဘဝမှာ အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကို သူကိုယ်တိုင် ထုတ်ဖော်ပြောကြားလိုတာကြောင့် ယခုလို ရေးသားဖော်ပြခဲ့တာဖြစ်ကြောင်း၊ လတ်တလောအချိန်အထိ မင်္ဂလာပွဲနဲ့ပတ်သက်ပြီး အသေးစိတ်စီစဉ်ထားတာမရှိသေးပေမယ့် ယခုနှစ်အတွင်း လက်ထပ်သွားမှာဖြစ်ကြောင်း ထည့်သွင်းရေးသားဖော်ပြခဲ့တာကိုလည်း တွေ့ရ ပါတယ်။
မင်းသားက သူ့အနေနဲ့ ဂမ်မီကို လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တာဟာ သူတို့နှစ်ဦးဟာ တစ်ယောက် ကိုတစ်ယောက် အားပေးနိုင်သူတွေဖြစ်ကြပြီး ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးတည် ဆောက်နိုင်မှာဖြစ်တာကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် မင်းသားက သူဟာ လက်ထပ်ပြီးနောက်ပိုင်းမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီး အကောင်းဆုံးကြိုးစားသွားမှာ ဖြစ်တယ်လို့လည်း ရေးသားဖော်ပြထားပါတယ်။
အေးပြည့်
No comments:
Post a Comment