Monday, June 4, 2018

ခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်လာရောက်ချင်ကြောင်း ဆီးရီးယားသမ္မတ အာဆတ် ဆို


Image may contain: 2 people, people smiling, eyeglasses
ပြုံယမ်း ဇွန် ၃
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့်တွေ့ဆုံရန် မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ်ခရီး လာရောက်ရန် ဆန္ဒရှိသည်ဟု ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်အာဆတ်က ၄င်း၏သဘောထားကို ထုတ်ဖော် ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ယနေ့ သတင်းတစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ဆီးရီးယားသမ္မတ အာဆတ်က အထက်ပါအကြောင်း ကိစ္စနှင့်ပတ်သက်ပြီး ဆီးရီးယားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီးအား ပြောကြားခဲ့သည်ဟု လက်ရှိအာဏာရအလုပ်သမားပါတီသတင်းစာRodong Sinmun က သတင်းဖော်ပြသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ခိုင်မာသောဆက်ဆံရေး ကို အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ထိန်းသိမ်းရမည် ဖြစ်ကြောင်း သမ္မတအာဆတ်က ဆိုသည်။
ခေါင်းဆောင်ကင်ဂျုံအန်လက်ထက်တွင် ကိုရီးယား ကျွန်းဆွယ်အရေးကိစ္စနှင့်ပတ်သက်ပြီး ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ကြောင်း မကြာသေးမီက ခန့်အပ်ခဲ့သည့် ဆီးရီးယားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီးအား သမ္မတအာဆတ်က ပြောကြားခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို ဆီးရီးယားအစိုးရအဖွဲ့အနေဖြင့် အပြည့်အဝထောက်ခံကာ ကူညီထောက်ပံ့မှုများ ဆက်လက်ပေးမည်ဖြစ်ကြောင်း သမ္မတအာဆတ်က ဆိုသည်။
အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး အစည်းအဝေးကျင်းပရန် နီးကပ်လာပြီဖြစ်သည့်အတွက် မြောက်ကိုရီးယားနိုင်ငံက မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုခိုင်မြဲရန် လုပ်ဆောင်လျက်ရှိသည်ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
မြောက်ကိုရီးယားနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင် အလည်အပတ်လာရောက်ရန် စီစဉ်မှုများ လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ရုရှား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ဖွယ်ရှိကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment