Monday, June 4, 2018

သမိန်ထောပေအစိတ်ရေတံခါး တည်ဆောက်ပြီးစီး၍ နွေစပါးဧက ၃ဝဝဝဝ ကျော် တိုးမြှင့်စိုက်ပျိုးနိုင်မည်

Image may contain: sky, cloud and outdoor
ဖျာပုံ ဇွန် ၃
ဖျာပုံခရိုင် ဖျာပုံမြို့နယ် သမိန်ထောကျေးရွာအုပ်စု သမိန် ထောကုန်းတန်းကျေးရွာအနီး ပေအစိတ်ရေတံခါးကို မေလ အတွင်းက တည်ဆောက်ပြီးစီး၍ သပြေကန်-သိမ်ကုန်း ဧရိယာတွင် နွေစပါး ၃၄၈၈၅ ဧကအထိ စိုက်ပျိုးလာနိုင်မည် ဖြစ်သည်။
အဓိကရည်ရွယ်
''ဒီရေတံခါးဆောက်ရတဲ့ ရည်ရွယ်ချက်က သပြေကန်-သိမ်ကုန်းဧရိယာထဲမှာ နှစ်တိုင်းမိုးရာသီမှာ တမံချိုး၊ နွေရာသီမှာ တမံပိတ်ပြီး စိုက်ပျိုးရတဲ့ အခက်အခဲနဲ့ ကုန်ကျစရိတ်တွေ လျော့ပါးသက်သာစေဖို့၊ နွေစပါး အောင်ရေ ရရှိဖို့နဲ့ မိုးစပါး ရေတော်မိုးတော် စိုက်ပျိုးနိုင်ဖို့ အတွက် အချိန်မီကွင်းရေနုတ်နိုင်ဖို့ အဓိကရည်ရွယ်ပြီး တည်ဆောက်ပေးတာ ဖြစ်ပါတယ်'' ဟု ဖျာပုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဦးသိန်းဇော်က ပြောသည်။
''ဒီရေတံခါး တည်ဆောက်ပေးလိုက်တာဟာ တောင်သူတစ်ဦးတစ်ယောက်အတွက်ပဲ အကျိုးပြုတာမျိုး မဟုတ်ဘဲ လယ်သမားအများစုအတွက်ပါ အကျိုးပြုမှာ သေချာပါတယ်၊ နှစ်တိုင်းနှစ်တိုင်း ချောင်းပိတ်၊ တမံပိတ် ချိန်မှာ မြေရှာ၊ မြေယူရတဲ့ အခက်အခဲ၊ အလုပ်သမားရှားပါး မှုနဲ့ ငွေကုန်ကြေးကျများမှု အခက်အခဲတွေကနေ လျော့ပါး သက်သာလာကြပါပြီ၊ အရင်တုန်းက တမံဖို့ပြီး စိုက်ရတာ ဆိုတော့ မတော်တဆများ တမံကျိုးခဲ့ရင် ငါတို့စိုက်ခင်းတွေ တော့ ဆုံးရှုံးပါပြီဆိုတဲ့ အတွေးနဲ့ စိုက်ချင်သလောက် မစိုက်ရဲခဲ့ကြဘူး၊ အခုမှပဲ စိတ်ချလက်ချ စိုက်ပျိုးနိုင်တဲ့အခြေ အနေရောက်ပါပြီ''ဟု လယ်ဧက ၈ဝ စိုက်ပျိုးလုပ် ကိုင်လျက်ရှိသည့် သမိန်ထောသိမ်ကုန်းကျေးရွာမှ လယ်သမား ဦးဥက္ကာက ပြောသည်။
ရေရှည်တည်တံ့ခိုင်မြဲ
''နည်းပညာပိုင်းနဲ့ ဒေသအခြေအနေပေါ်မူတည်ပြီး ရွေးချယ်ထားတဲ့နေရာမှာ ကနဦးလုပ်ငန်းဆိုင်ရာ အချက် အလက်ကောက်ယူမှုနဲ့ တိုင်းတာရေးဆောင်ရွက်မှု၊ ဘူမိဗေဒဆိုင်ရာ မြေဆီလွှာဝန်ဖိအားခံနိုင်ရည် စမ်းသပ်မှု တွေကို ၂ဝ၁၇ နှစ်ကုန်ပိုင်းထဲက ဆောင်ရွက်ခဲ့ပါတယ်၊ ပြီးတော့ ရေတံခါး အဆောက်အအုံ ရေရှည်တည်တံ့ခိုင်မြဲ အောင် ဝန်ဖိအားဒဏ်ခံကွန်ကရစ်ပိုင်တိုင်ရိုက်ခြင်း၊ သုံးလက်မထုရှိ အောက်ခံကွန်ကရစ်ခင်းခြင်း၊ သံကူ ကွန်ကရစ်လောင်းခြင်း၊ ရေငန်ဒဏ်ခံနိုင်ပြီး သံချေးတက် ခြင်းမှ ကာကွယ်ပေးနိုင်တဲ့Stainless Steel အသုံးပြုပြီး ရေတံခါး အထိုင်ဖရိန်(ကိုယ်ထည်)နဲ့ ရေထိန်းတံခါးရွက်နဲ့ ရေထုတ်တံခါးရွက်တွေကိုလည်း စနစ်တကျ ထည့်သွင်း အသုံးပြု တပ်ဆင်ပေးထားပါတယ်''ဟု အဆိုပါရေတံခါး တည်ဆောက်ရေးလုပ်ငန်းခွင် တာဝန်ခံ ဒုတိယဦးစီးမှူး (မြို့ပြ) ဦးကျော်ကျော်နိုင်က ပြောသည်။
ခုတော့ပိုစိုက်နိုင်ပြီ
''ပေအစိတ်ရေတံခါးပြီးပြီဆိုတော့ သပြေကန် သိမ်ကုန်းဧရိယာမှာ မိုးစပါးရောနွေစပါးပါ ဧကပြည့် စိုက်ပျိုးလာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ပြီးခဲ့တဲ့နှစ် အထိတော့ ကျွန်တော်က ဒီဧရိယာထဲမှာ ဧက ၁ဝဝဝ လောက်စိုက်ပါတယ်၊ ခုတော့ပိုစိုက်နိုင်ပြီပေါ့၊ ရေတံခါး ကောင်းပေမယ့် ရေတံခါးနဲ့ဆက်စပ်နေတဲ့ ချောင်းတွေ မြောင်းတွေမကောင်းရင်လည်း အလကားပဲ၊ ရေစီးရေလာ မရှိရင် စိုက်လို့အဆင်မပြေနိုင်ဘူး၊ စိုက်ပျိုးဖို့အဆင်ပြေ အောင် ညောင်ပင်ရိုးမြောင်း၊ ကျိုက္ကဘာ-အလန်းဖလွတ် မြောင်း၊ ကျုံကနိုးဖြတ်မြောင်း၊ ဦးပန်းရိုးမြောင်း၊ ဘဏ် လေးချောင်း၊ ဘဏ်ကြီးချောင်း၊ စံလှဘော်ရိုးမြောင်း၊ သိမ်ကုန်းလက်တံ(၁၊ ၂) မြောင်း၊ ကျိုက္ကဘာ ရှစ်ပေမြောင်း၊ ဦးလုံရိုးချောင်းနဲ့ ရွာလယ်ရိုးချောင်းတွေကိုလည်း အဆင်ပြေရင်နှစ်စဉ် တူးဖော်ပေးပါလို့ ပြောချင်ပါတယ်''ဟု အဇုတ်ကြီးကျေးရွာမှ တောင်သူဦးတင်အေးက ပြောသည်။
နွေစပါးစိုက်ပျိုးနိုင်
စိုက်ဧက ၄ဝဝဝဝ ခန့်ရှိသည့် သပြေကန်-သိမ်ကုန်း ဧရိယာသည် ဖျာပုံခရိုင် ဖျာပုံမြို့နယ်အတွင်းရှိ ကျွန်းပတ်တာခုနစ်ခု၏ အပြင်ဘက်တွင်တည်ရှိပြီး မူလက ရေကြီးကွင်း-ရေနက်ကွင်းတစ်ခုဖြစ်သည်။ ယင်းဧရိယာ အတွင်း မိုးရာသီတွင် ကွင်းရေနုတ်၍ မိုးစပါးစိုက်ပျိုးနိုင် ရန်နှင့် နွေရာသီတွင် ရေချိုသွင်းပြီး နွေစပါးစိုက်ပျိုးနိုင် ရန်အတွက် ရေနုတ်မြောင်း ၁၉ မြောင်း၊ အလျား ၇၇ မိုင်အား ၁၉၉၃-၁၉၉၄ ခုနှစ်တွင် စီမံကိန်းဖြင့် တူးဖော် ပေးခဲ့ရာ မိုးစပါး၊ နွေစပါးစတင်စိုက်ပျိုးလာနိုင်ခဲ့ကြောင်း သိရသည်။
ရေကြီးနစ်မြုပ်မှုလျော့ပါး
အဆိုပါ ဧရိယာအတွင်း ၁၉၉၅ ခုနှစ်တွင် သကံ ရေထိန်းတံခါး(အကျိုးပြုဧက ၆ဝဝဝ)အား နောင်တော်ကြီး ချောင်းပေါ်တွင်လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် အဖောင် ရေထိန်းတံခါး(အကျိုးပြုဧက ၅ဝဝဝ)အား အဖောင် ချောင်းပေါ်တွင်လည်းကောင်း၊ ၁၉၉၇ ခုနှစ်တွင် အောက္ကဘာရေထိန်းတံခါး (အကျိုးပြုဧက ၁၅ဝဝဝ)အား ကျုံကန်ချောင်းပေါ်တွင်လည်းကောင်း၊ ၁၉၉၈ ခုနှစ်တွင် စံပုလဲရေထိန်းတံခါး(အကျိုးပြုဧက ၅ဝဝဝ)အား ကျုံတမာ ချောင်း ပေါ်တွင်လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ဦးလုံ ရေတံခါး(အကျိုးပြုဧက ၁ဝ၂၂)အား ဦးလုံချောင်းပေါ်တွင် လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ရွာလယ်ရိုးရေတံခါး (အကျိုးပြုဧက ၂ဝ၁၅) အား သမိန်ထောကျေးရွာရှိ ရွာလယ်ရိုးချောင်းပေါ်တွင် လည်းကောင်း၊ ပေအစိတ်ရေတံခါး (အကျိုးပြု ဧက ၂၁၅၅)အား သမိန်ကုန်းတန်းကျေးရွာရှိ ပေအစိတ်ချောင်း ပေါ်တွင်လည်းကောင်း မိုးစပါးရေကြီးနစ်မြုပ်မှုလျော့ပါး သက်သာစေရေးနှင့် နွေစပါးအောင်ရေ (ရေချို)ရရှိရေး အတွက် နှစ်အလိုက်တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တိုးပွားစိုက်ပျိုးလာနိုင်မည်
ထို့ပြင် ယင်းဧရိယာအတွင်း မူလမြောင်းများနှင့် ဆက်စပ်နေပြီး အဓိကကျသည့် ဂေးဂု-သိန္ဓီမြောင်း(အလျား ၁ဝ ဒသမ ၆ မိုင်)အား ၂ဝ၁၅ခုနှစ်တွင် လည်းကောင်း၊ သုံးထပ်-ကျိုက္ကဘာ ချောင်းမကြီး (အလျား ၉ ဒသမ ၆၅ မိုင်) အား ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် လည်းကောင်း တူးဖော်ပေးခဲ့သဖြင့် ဖျာပုံမြို့နယ်အတွင်းရှိ မှော်ဘီ၊ အောက်ကွင်း၊ တမံ၊ ကဇောင်း၊ ကျီးနှစ်ပင်၊ အောင်သာယာ၊ အေးသာယာ၊ သမိန်ထော၊ အလန်းဖလွတ်၊ ကျိုက္ကဘာ၊ သုံးထပ်၊ သပြေကန်၊ ကြက်ဖမွေးဇောင်း၊ ဂေးဂု၊ ဇင်းဘောင်၊ အပြောင် စသည့်ကျေးရွာများပါဝင်သည့် ကျေးရွာအုပ်စု ၂၁ အုပ်စုနှင့် ဘိုကလေးမြို့နယ်အတွင်းရှိ ဝဲကြီး၊ သိန္ဓီ၊ ဖိုးလေးနှင့် ဘုရားသုံးဆူအစရှိသည့် ကျေးရွာ အုပ်စုများ အထိ နွေစပါး၊ မိုးစပါး တိုးပွားစိုက်ပျိုးလာနိုင်မည် ဖြစ်ကြောင်း သိရသည်။
သပြေထွန်း

No comments:

Post a Comment