Thursday, June 28, 2018

မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း ၃၅၁၆ တွဲကို ယူရို သန်း ၂၅ဝ ကျော်ဖြင့် ရောင်းချနိုင်ခဲ့

Image may contain: 2 people, people standing, shoes, outdoor and food
နေပြည်တော် ဇွန် ၂၇
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ဇွန် ၂၄ ရက်မှစတင်၍ ယနေ့အထိ ကျောက်စိမ်းအတွဲပေါင်း ၄၆ဝဝ ကို တင်ပြရောင်းချခဲ့ရာ ၃၅၁၆ တွဲကို ယူရိုငွေ ၂၅၁ ဒသမ ၉၅၉ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် ၃၄၅၁ မှ ၄၆ဝဝ အထိ အတွဲပေါင်း ၁၁၅၁ တွဲ တင်ပြရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၈၉၂ တွဲကို ယူရိုငွေ ၅၂ ဒသမ ၄၄၁ သန်းဖြင့် ရောင်းချနိုင်ခဲ့သည်။
ယနေ့တွင် ပြည်တွင်း ပြည်ပမှ ရတနာကုန်သည်များသည် နံနက်ပိုင်းမှစတင်၍ ဇွန် ၂၈ ရက်တွင် တင်ဒါစနစ်ဖြင့်ရောင်းချရန် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ အမှတ် ၄၆ဝ၁ မှ ၅၇၅ဝ အထိ ကျောက်စိမ်းအတွဲ ၁၁၅ဝ ကို ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုရွေးချယ်မှတ်သားကြပြီး ကျောက်စိမ်းတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။
အဆိုပါ တင်ဒါပုံးများကို သဘာပတိအဖွဲ့က ယနေ့ ညနေပိုင်းတွင် ဖွင့်ဖောက်စစ်ဆေးပြီး တင်ဒါအောင်စာရင်း များကို ဇွန် ၂၈ ရက်တွင် အတည်ပြုကြေညာသွားမည် ဖြစ်ကြောင်းနှင့် (၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဇွန် ၂၉ ရက်အထိ မဏိရတနာကျောက်စိမ်း ခန်းမ၌ ဆက်လက်ကျင်းပပြီး ကျောက်စိမ်းအတွဲ အမှတ် ၅၇၅၁ မှ ၆၇၉၅ အထိ ကျောက်စိမ်းအတွဲ ၁ဝ၄၅ တွဲ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကျင်းပသည့် ရတနာပြပွဲတွင် အခြေခံဈေး ယူရို ငွေ ၄ဝဝဝ နှင့်အထက် တန်ဖိုးသတ်မှတ်သည့် အရိုင်းထည် ကျောက်စိမ်းအတွဲများနှင့် အခြေခံဈေး ယူရိုငွေ ၁ဝဝဝ နှင့် အထက် တန်ဖိုးသတ်မှတ်သည့် အချောထည်ကျောက်စိမ်း အတွဲများကို ဇွန် ၂၄ ရက်တွင် အတွဲအမှတ် ၁ မှ ၁၁၅ဝ အထိ တင်ပြရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၉၇၃ တွဲကို ယူရိုငွေ ၃၈ ဒသမ ၅၃ဝ သန်းဖြင့်လည်းကောင်း၊ ဇွန် ၂၅ ရက်တွင် အတွဲအမှတ် ၁၁၅၁ မှ ၂၃ဝဝ အထိ တင်ပြ ရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၈၃၃ တွဲကို ယူရိုငွေ ၇၄ ဒသမ ၁၂၂ သန်းဖြင့်လည်းကောင်း၊ ဇွန် ၂၆ ရက်တွင် အတွဲအမှတ် ၂၃ဝ၁ မှ ၃၄၅ဝ အထိ တင်ပြရောင်းချခဲ့ရာ ကျောက်စိမ်းအတွဲ ၈၁၈ တွဲကို ယူရိုငွေ ၈၆ ဒသမ ၈၆၆ သန်းဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ယခုပြပွဲတွင် ပုလဲအတွဲ ၃၆ဝ တင်ပြ ရောင်းချခဲ့ရာ ပုလဲအတွဲ ၃၄၁ တွဲကို ယူရိုငွေ ၂ ဒသမ ၅၉၈ သန်းဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲ ၃၃၆ တွဲ တင်ပြရောင်းချခဲ့ရာ ကျောက်မျက်အတွဲ ၆၉ တွဲကို ယူရိုငွေ ၁ ဒသမ ၃၇၈ သန်းဖြင့်လည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချနိုင်ခဲ့သည်။
ယခုပြပွဲကို တရုတ်၊ ထိုင်း၊ ကနေဒါ၊ သြစတြေးလျနှင့် အမေရိကန်နိုင်ငံတို့မှ ရတနာကုန်သည်များ လာရောက် လျက်ရှိရာ တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း၊ ပြည်တွင်း ရတနာကုန်သည် ၁၂ဝဝ ကျော်နှင့် ပြည်ပရတနာကုန်သည် ၃ဝဝဝ ကျော် တက်ရောက်ကြောင်း သိရသည်။
(၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မြန်မာ့ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာဈေးကွက် မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းစေရန် ရည်ရွယ်ချက် ဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ဇွန် ၂၉ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။
မော်စီ(သတင်းစဉ်)

No comments:

Post a Comment