Thursday, June 28, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ကဏ္ဍများအလိုက် လုပ်ငန်းကော်မတီဆွေးနွေးပွဲများ ဒုတိယနေ့ ဆက်လက်ကျင်းပ

Image may contain: 1 person, sitting, table and indoor
နေပြည်တော် ဇွန် ၂၇
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး အတွက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍများ၏ လုပ်ငန်းကော်မတီအလိုက် ဒုတိယနေ့ ဆွေးနွေးပွဲများကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ရှိ သတ်မှတ်နေရာအသီးသီး ၌ ကျင်းပသည်။
နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ ဆွေးနွေး ပွဲများတွင် ယမန်နေ့က ဆွေးနွေးရန်ကျန်ရှိသည့် အဆိုပြုချက်များကို ဆက်လက် ဆွေးနွေးကြသည်။
လူမှုရေးကဏ္ဍလုပ်ငန်းကော်မတီ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဒေါ်ဇင်မာ အောင်က ''ကျွန်မတို့ အဓိက ဆွေးနွေးတာကတော့ ကျား၊ မ တန်းတူညီမျှရေး နဲ့ ပတ်သက်တာတွေ၊ လူငယ်ရေးရာနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ တိုင်းရင်း သားတွေရဲ့ ယဉ်ကျေးမှုစာပေကိစ္စတွေနဲ့ ပတ်သက်တဲ့အချက်တွေ၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တက်လာတဲ့အချက်တွေ၊ ပြီးခဲ့တဲ့ ပင်လုံအစည်းအဝေးမှာ ဆက်လက်ဆွေးနွေးရန်ဆိုပြီး ကျန်ရှိတဲ့အချက်တွေ၊ နောက်ထပ်တက်လာတဲ့ CSO Forum၊ မွန်ဒေသလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက စာတမ်းတွေ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ တွေက တက်လာတဲ့စာတမ်းတွေကို အခြေခံပြီး တူတာတွေကိုစုမယ်။ သဘော တူညီချက်တွေကို ရယူမယ်။ အဲဒါတွေအပေါ်မှာ မူအရ အားလုံးက ဘုံသဘော တူညီမှုရမယ်ဆိုရင်တော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီတဲ့အချက် တွေ ပင်လုံအစည်းအဝေးကို ဆက်လက်သွားနိုင်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါ တယ်။ ဆုံးဖြတ်ချက်ချတဲ့အထဲမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုပါ။ အဲဒါနဲ့ ပတ်သက်လို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အခုလောလောဆယ်ကတော့ ဆွေးနွေးဆဲပဲဖြစ်ပါတယ်။ မနက်ဖြန်မှာ ဆွေးနွေးလို့ပြီးပါမယ်။ ကျွန်မတို့ မှန်းထားတာက လူမှုရေးကဏ္ဍအနေနဲ့ ဆယ်ချက်လောက်ကို သဘောတူညီမှု ရအောင် ကြိုးစားသွားကြမယ်။ လျော့ရင်လည်း လျော့မယ်။ ဒီထက် ပိုရင်လည်း ပိုနိုင်ပါတယ်''ဟု ပြောသည်။
မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီ၏ ဆွေးနွေးမှု များနှင့် ပတ်သက်၍ ခွန်မြင့်ထွန်းက ''ဒီနေ့ မြေယာကဏ္ဍကို အဓိကဆွေးနွေး တဲ့ အခါမှာ ပြီးခဲ့တဲ့ (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ဆွေးနွေးလို့ အပြီးမသတ်သေးတဲ့ ကိစ္စတွေကို ဆက်လက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ စာတမ်းအသစ်တွေ ထပ်တင်လာတာတွေလည်း ရှိပါတယ်။ အထူးသဖြင့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက တင်သွင်းလာတဲ့ မြေယာကဏ္ဍဆိုင်ရာ စာတမ်းရှိပါတယ်။ ဒါ့အပြင် လူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးပေမယ့် ရခိုင် ပြည်လွတ်မြောက်ရေးပါတီက တင်သွင်းလာတဲ့ မြေယာသယံဇာတမူဝါဒနဲ့ ပတ်သက်တဲ့ စာတမ်းကိုလည်း ဆွေးနွေးပွဲပထမနေ့က တင်သွင်းဖတ်ကြား ခဲ့ပါတယ်။
''ပြီးတော့ ဒုတိယအကြိမ် ပြုလုပ်တဲ့ ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက စာတမ်းနဲ့ ချင်းအမျိုးသားတပ်ဦးက တင်သွင်းတဲ့ မြေယာကဏ္ဍစာတမ်းတွေကို ပထမနေ့ လုပ်ငန်းကော်မတီအစည်းအဝေးမှာ ဖတ်ကြားဆွေးနွေးခဲ့ပါတယ်။ စာတမ်းတွေထဲမှာ အစိုးရအဖွဲ့က ယခင် ဆောင်ရွက်ခဲ့တာတွေကို ပြန်လည်သုံးသပ်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော် ကနေ တင်သွင်းတဲ့ မြေယာနဲ့ပတ်သက်တဲ့ စာတမ်းတစ်စောင်ကိုလည်း ဖတ်ကြား တင်သွင်းပါတယ်။NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့က စုပေါင်းပြီး တင်သွင်းထားတဲ့ စာတမ်းကိုလည်း ပထမနေ့က ဖတ်ကြားတင်သွင်းခဲ့ပါတယ်။ နိုင်ငံရေးပါတီက တင်သွင်းတဲ့ စာတမ်းလည်း မှတ်တမ်းတင်ထားရှိပါတယ်။ ပထမနေ့မှာ ထပ်မံတင်သွင်းလာတဲ့ စာတမ်း တွေကို ဆွေးနွေးကြပြီး ဒီနေ့မှာတော့ ပထမနေ့က စာတမ်းတွေအပေါ်မှာ အခြေခံပြီး ဆွေးနွေးကြတာဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာလည်း ဆွေးနွေးပွဲ ဖြစ်စဉ် တစ်လျှောက်လုံးမှာ ဆွေးနွေးဖို့အတွက် ဘယ်လို မူဘောင်တွေ၊ အခြေအနေတွေကနေ ဆွေးနွေးကြမလဲဆိုတာကို ဆွေးနွေးဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဆွေးနွေးနေတာကတော့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အရင်ဆွေးနွေးနေပါတယ်''ဟု ပြောသည်။
ယနေ့ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ ဦးစိုင်းငင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျဦးနှင့် တာလှဖေ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ တို့မှ ကိုယ်စားလှယ်များနှင့် အကျိုးတော်ဆောင်များ တက်ရောက်ကြသည်။
နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကို ဇွန် ၂၈ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment