Wednesday, June 27, 2018

ယူ-၂၃ လေးနိုင်ငံ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ကျင်းပမည်

Image may contain: 1 person, playing a sport and outdoor
ရန်ကုန် ဇွန် ၂၆
(၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းအတွက် ရည်ရွယ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ် ပြိုင်ပွဲ (Alpine Cup 2018) ကို သြဂုတ် ၁ ရက်မှ ၅ ရက်အထိ မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။
တစ်ရက်နှစ်ပွဲ
လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို လေးသင်းပတ်လည်စနစ်ဖြင့်ကစားကာ အမှတ်အများဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။ အုပ်စုပွဲများကို တစ်ရက်လျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်ပြီး သြဂုတ် ၁ ရက်တွင် ဘာရိန်းယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်း၊ မြန်မာ ယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်း၊ သြဂုတ် ၃ ရက်တွင် ထိုင်းယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်း၊ မြန်မာ ယူ-၂၃ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်း၊ သြဂုတ် ၅ ရက်တွင် တောင်ကိုရီးယား ယူ-၁၉ အသင်းနှင့် ဘာရိန်း ယူ-၂၃ အသင်း၊ မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် အိမ်ရှင်မြန်မာ အသင်းအပါအဝင် အသင်းလေးသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဘာရိန်း ယူ-၂၃ အသင်း၊ ထိုင်း ယူ-၂၃ အသင်း၊ တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ် သည်။ တောင်ကိုရီးယားအသင်းမှ လွဲ၍ ကျန်အသင်းများမှာ အာရှ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်မည့် ယူ-၂၃ အသင်းများဖြင့် ယှဉ်ပြိုင်မည်ဖြစ်ရာ မြန်မာ ယူ-၂၃ အသင်းပြင်ဆင်မှု အတွက် အထောက်အကူဖြစ်စေနိုင် မည်ဖြစ်သည်။ ထိုင်းနှင့် ဘာရိန်း အသင်းသည် အာရှအားကစားပြိုင်ပွဲ မတိုင်မီ အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ရန် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး တောင်ကိုရီးယားအသင်းသည် ယူ-၁၉ အသင်းဖြင့် လာရောက်ယှဉ်ပြိုင် မည်ဖြစ်သော်လည်း အာရှထိပ်သီး အသင်းဖြစ်သောကြောင့် မြန်မာ အသင်းအတွက် အတွေ့အကြုံရနိုင် မည့်ပွဲဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၂၃ ရက်တွင် လေ့ကျင့်မှုစတင် မည်ဖြစ်ပြီး ယူ-၂၃ ကစား သမားများအပြင် ယူ-၂၃ အထက် ကစားသမားသုံးဦးကိုပါ ထည့်သွင်း ရွေးချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းကို ကိုင်တွယ်မည့် နည်းပြချုပ် အန်တွမ်နီဟေး (ဂျာမနီ) သည် ကစားသမားများရွေးချယ်ရန် ပြည်တွင်းပွဲများအား လိုက်လံကြည့်ရှု လျက်ရှိပြီး ၂ဝ၁၇ ခုနှစ်က ဆီးဂိမ်း ပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် ယူ-၂၂ အသင်း မှ ကစားသမားအများစု ပါဝင်လာဖွယ် ရှိနေသည်။
ပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုရ အသင်းအား ဆုကြေးများချီးမြှင့်မည် ဖြစ်ပြီး ပထမဆုဒေါ်လာ-၁ဝဝဝဝ၊ ဒုတိယဆု ဒေါ်လာ ၅ဝဝဝ ချီးမြှင့်မည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-စိုးညွန့်

No comments:

Post a Comment