
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် စမ်းချောင်း (မြောက်) ရပ်ကွက်ရှိ MECကိုယ်ပိုင် အထက်တန်းကျောင်း၌ ကျင်းပရာ ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြ သည်။
အခမ်းအနားတွင် စမ်းချောင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အဖွင့် အမှာစကားပြောကြားပြီး ရန်ကုန် အနောက်ပိုင်းခရိုင် မူးယစ်တပ်ဖွဲ့စု ၄၂ တပ်ဖွဲ့စုမှူး ရဲမှူးသင်းအောင်၊ မူးယစ်နှင့်စိတ်ကျန်းမာရေး အထူးကု ဆရာဝန်ကြီး ဒေါက်တာအောင်သော်၊ အလုံမြို့နယ် မူးယစ်ဆေးဝါးဆန့်ကျင် ရေးအသင်းဥက္ကဋ္ဌ ဦးလှဝင်းတို့က မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံ၊ မူးယစ်ဆေးဝါးများ လူငယ်ထုအတွင်း သို့ နည်းအမျိုးမျိုးဖြင့် စိမ့်ဝင်စီးဆင်း ပျံ့နှံ့နေပုံ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ မူးယစ်ဆေး သုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ အပါအဝင် လူမှုဘဝအခြေအနေ အခက်အခဲများနှင့် ဝမ်းနည်းကြေကွဲ ဖွယ်ဖြစ်ရပ်များကို ကျောင်းသား ကျောင်းသူများ အသိပညာ၊ ဗဟုသုတ ရရှိစေရန် ဟောပြောဆွေးနွေးမှုများပြုလုပ်ကြပြီး တက်ရောက်လာကြ သူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားကြသည်။
ယနေ့ စကားဝိုင်းနှင့်ပတ်သက်၍ ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ် တပ်ဖွဲ့စု ၄၂ တပ်ဖွဲ့စုမှူး ရဲမှူး သင်းအောင်က ''လူငယ်တွေဆိုတာ ကတော့ နောင်တစ်ခေတ် အနာဂတ် ရဲ့ ခေါင်းဆောင်တွေ ဖြစ်လာမယ့် သူတွေပါ၊ ဒါကြောင့် လူငယ်တွေမှာ မူးယစ်ဆေးဝါးအန္တရာယ်မကျရောက် ဖို့အတွက် အလွန်အရေးကြီးပါတယ်၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်တဲ့အခါမှာ အသိပညာပေး လုပ်ငန်းဟာ ပိုပြီးတော့ ထိရောက်မှု ရှိတဲ့အတွက် အခုလိုကျောင်းတွေမှာ လာရောက်ပြီး ဟောပြောဆွေးနွေး မှုတွေ လုပ်တာပါ၊ မူးယစ်ဆေးဝါး အန္တရာယ်ဆိုတာကတော့ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကြုံတွေ့ခံစား နေရတာပါ၊ တစ်နေ့ထက်တစ်နေ့ပိုပြီး တော့ ကြီးထွားပျံ့နှံ့လာနေပါတယ်၊ ဒါကြောင့် ကြိုတင်တားဆီးရေး လုပ်ငန်းတွေမှာ ပြည်သူလုထုကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်'' ဟု ပြောသည်။
ဒီမိုကရေစီခေတ်တွင် အစိုးရနှင့် ပြည်သူများအကြား ဆွေးနွေးတိုင်ပင် နိုင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှု အကြောင်းကိစ္စများ ဆွေးနွေး ပြောကြားနိုင်သော အခွင့်အလမ်း များ ဖော်ဆောင်ပေးရန်၊ လူထု၏စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန် နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေး တတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် MEC ကိုယ်ပိုင် အထက်တန်းကျောင်းတို့ ပူးပေါင်းကာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
''ဒီပွဲကနေ မူးယစ်ဆေးဝါးဆိုတာ ဘာလဲဆိုတာ သိခဲ့ရတယ်၊ မူးယစ် ဆေးဝါးသုံးစွဲမှုရဲ့ ဆိုးကျိုးတွေကို သိခွင့်ရခဲ့ပါတယ်၊ အခုလိုသိထားတာ တွေကိုလည်း သူငယ်ချင်းတွေကို ပြန်လည်ပြောပြသွားမယ်လို့ စိတ်ကူး ထားပါတယ်''ဟု အဆိုပါကျောင်းမှ နဝမတန်းကျောင်းသူ မသင်းသဇင် ဗိုလ် က ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်သူ့ စကားဝိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ကြ သည်။
အလားတူ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီး တွင် ကျင်းပလျက်ရှိရာ လာရောက် လေ့လာဆွေးနွေးသူများဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment