Monday, June 4, 2018

အောင်မြင်မှုကို မလျှော့သော ဇွဲလုံ့လဖြင့် လှမ်းဆွတ်ယူ

Image may contain: text
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို တစ်နိုင်ငံလုံးတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ တစ်နိုင်ငံလုံးတွင် စာမေးပွဲ ဖြေဆိုသူ ၇၈၉၈၄၅ ဦးရှိသည့်အနက် ၂၅၉၁၉၁ ဦးအောင်မြင်ပြီး ၅၃ဝ၆၅၄ ဦးကျရှုံးသဖြင့် စာမေးပွဲဖြေဆိုသူ သုံးပုံ တစ်ပုံ အောင်မြင်ကာ သုံးပုံနှစ်ပုံ ကျရှုံးသည့်သဘောရှိပေသည်။ အောင်မြင်သူများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြရသလို ကျရှုံးသူများအနေဖြင့်လည်း စိတ်မပျက် အားမလျှော့ဘဲ မလျှော့သောဇွဲလုံ့လဖြင့် အောင်မြင်မှုကို ရအောင်ယူဖို့ သာလိုအပ်သည်။
ယခုပညာသင်နှစ်တွင် စာမေးပွဲအောင်မြင်သူ ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်းနီးပါးရှိပြီး ၂ဝ၁၇ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းနီးပါး၊ ၂ဝ၁၆ ခုနှစ် တွင် ၃ဝ ရာခိုင်နှုန်းနီးပါး၊ ၂ဝ၁၅ ခုနှစ်တွင် ၃၇ ရာခိုင်နှုန်းကျော်၊ ၂ဝ၁၄ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းကျော်၊ ၂ဝ၁၃ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းခန့်၊ ၂ဝ၁၂ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။ ယခု အောင်မြင်မှုများ သည် ကြိုးစားအားထုတ်သလောက် သင့်လျော်သည့်အနေအထားရှိသည်။ အမှန်တကယ်တွင် တက္ကသိုလ်ဝင်တန်း(ယခင်က ဒသမတန်း)စာမေးပွဲကို အောင်မြင်ရန် အလွန်ခက်ခဲသည်။ အခြေခံပညာအဆင့် ပြီးဆုံးခြင်း၊ လူငယ်လူရွယ်များ၏ ဘဝတစ်ဆစ်ချိုးပြောင်းလဲခြင်းအတွက် မှတ်ကျောက် တင်သည့် စစ်ဆေးမှုဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာက ဒသမတန်းအဆင့် အောင်မြင်ရန်မှာ အလွန်ခက်ခဲလှပြီး လူတစ်ရာတွင် တစ်ယောက် ဆိုရလောက်အောင် အောင်ချက်ရာခိုင်နှုန်း ခုဂဏန်းမျှသာ ရှိသည်။ ၁၉၇ဝ ပြည့်လွန်ကာလတွင် အောင်ချက်ရာခိုင်နှုန်း တစ်ဆယ် ကျော်လာခဲ့ပြီး ယခု ၃ဝ ရာခိုင်နှုန်းကျော် ဖြစ်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် သင့်တင့် ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သော်လည်း ယခင်နှစ်အောင်မြင်မှုများ ထက် လျော့ကျသည်ကို တွေ့ရသည်။ အောင်မြင်မှုရာခိုင်နှုန်း၊ ဘာသာစုံ ဂုဏ်ထူးရရှိမှုနှင့် အင်္ဂလိပ်ဘာသာရပ်ထူးချွန်မှုတို့တွင် လျော့နည်းခဲ့သည်။ ယခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အောင်မြင်မှုကို ကြည့်မည် ဆိုလျှင် မန္တလေးတိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်း အများဆုံး ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ မွန်ပြည်နယ်က တတိယရသည်ကို တွေ့ရသည်။
ကျောင်းသား ကျောင်းသူအများစုအနေဖြင့် အစဉ်အဆက် အားနည်းခဲ့သော မြန်မာဘာသာနှင့် သမိုင်းဘာသာရပ်တို့တွင် တိုးတက် ထူးချွန်လာသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ မိခင်ဘာသာကို အလေး ထားလာခြင်းနှင့် တွေးခေါ်မြော်မြင်ဆင်ခြင်နိုင်မှုတို့ဘက်တွင် စိတ်ဝင်စား လာသည်ဟု ဆိုရမည်။
ယခုနှစ်အတွက် ထူးခြားချက်မှာ ခက်ခဲကြမ်းတမ်းသောဘဝကို အရှုံးမပေးဘဲ အောင်မြင်မှုကို ဆွတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ အကျဉ်းကျခံနေရသည့် လူငယ်များတွင် အင်းစိန်အကျဉ်းထောင်မှ ၃၄ ဦးစာမေးပွဲဖြေဆိုခဲ့ရာ ၁၉ ဦး အောင်မြင်ခဲ့သည်။ မန္တလေးအကျဉ်းထောင်မှ ၅၅ ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ ၂၇ ဦးရှိသည်။ ထိုအထဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ကျောင်းသား ကျောင်းသူများလည်း ပါဝင်ခဲ့ရာ အမှောင်ခွင်း၍ အလင်းဆောင်နိုင်သူများဟု ဆိုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဘဝတစ်ဆစ်ချိုး တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ များအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို ကျရှုံးသူများအနေဖြင့်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ အောင်မြင်မှုကို ဆက်လက်ဆွတ်ခူးရယူ ကြရန် တိုက်တွန်းအပ်ပါသည်။ ။

No comments:

Post a Comment