Monday, June 4, 2018

အွန်လိုင်းဈေးကွက်ကြောင့် မြန်မာမှုအသုံးအဆောင်ပစ္စည်းများ ပြည်တွင်း၌ စိတ်ဝင်စားမှု မြင့်တက်

Image may contain: 2 people, people smiling, people sitting, shoes, hat, outdoor and food

မန္တလေး ဇွန် ၃
နိုင်ငံတကာခရီးသွားများကိုသာ အားထားရောင်းချနေရသည့် ရှေးခေတ် မြန်မာမှုအသုံးအဆောင်ပစ္စည်းများမှာ အွန်လိုင်းဈေးကွက်ပေါ်ပေါက်လာမှုကြောင့် ပြည်တွင်းစိတ်ဝင်စားမှုမြင့်တက်ကာ ဝယ်ယူမှုများပြားလာကြောင်း မန္တလေးမြို့မှ မြန်မာမှုအသုံးအဆောင်ပစ္စည်းများ အွန်လိုင်းဈေးကွက်သို့ ရောင်းချသူ ကိုထွန်းမင်းက ပြောသည်။
''ဒီအွန်လိုင်းဈေးကွက်က ပြီးခဲ့တဲ့ နှစ်လောက်ကစပြီး ပေါ်လာတာပါ၊ အရင်ကတော့ မြန်မာမှုပစ္စည်းတွေကို တန်ခိုးကြီးဘုရားတွေမှာပဲ အများဆုံး ဆိုင်ဖွင့်ရောင်းချနေကြပေမယ့် နိုင်ငံခြားသားတွေပဲ အဝယ်များတယ်၊ ပြည်တွင်းအနေနဲ့က ဈေးနှုန်းကို မမေးရဲကြလို့ ရောင်းချမှု အားနည်းနေတယ်၊ အခု အွန်လိုင်းဈေးကွက်မှာ ပစ္စည်းနဲ့ဈေးနှုန်းကို တွဲပြီးတင်ပေးထားတဲ့အတွက် ပြည်တွင်းက ပြည်ပထက်တောင် စိတ်ဝင်စားမှု ပိုများပြီး အဝယ်များလာတယ်၊ ဒါက မြန်မာမှုပစ္စည်းအရောင်းဆိုင် အသေးလေးတွေကို ပြောတာပါ၊ ဆိုင်ကြီးတွေကတော့ သူ့ဖောက်သည်နဲ့သူ ရှိနေကြတယ်'' ဟု ၄င်းကပြောသည်။
လက်ရှိတွင် ပြည်တွင်းစိတ်ဝင်စားမှု မြင့်တက်နေသည့် အွန်လိုင်းဈေးကွက် ကြောင့် ရှေးခေတ်အသုံးအဆောင်ပစ္စည်းများအား မြန်မာမှုပုံစံအဖြစ် ပိုမို ဆန်းသစ်တီထွင်ထုတ်လုပ်ကာ ဈေးကွက်ချဲ့ထွင်ရောင်းချလာကြောင်း သိရသည်။
''ပြည်တွင်းစိတ်ဝင်စားမှု မြင့်တက်လာတဲ့အတွက် တီထွင်ဆန်းသစ်မှု တွေနဲ့ မြန်မာမှုပစ္စည်းတွေကို ပိုပြီးထုတ်လုပ်လာကြတယ်၊ လောလောဆယ်မှာ အင်းဝက နှီးနဲ့လုပ်ထားတဲ့ ယွန်းအုပ်၊ အိုး၊ ခွက် စတဲ့ ကုန်ကြမ်းပစ္စည်းတွေကို သစ်စေးသရိုးကိုင်ပြီး ရှေးခေတ်မြန်မာမှုပုံစံဖြစ်အောင် ဆန်းသစ်တီထွင်ပြီး အွန်လိုင်းပေါ်မှာ ရောင်းချမှုက တော်တော်လေး စိတ်ဝင်တစားနဲ့ ဝယ်ယူလာ တာကို တွေ့ရတယ်''ဟု ကိုထွန်းမင်းက ဆက်လက်ပြောပြသည်။
ပြည်တွင်းရှိ တန်ခိုးကြီးဘုရားများတွင် ဖွင့်လှစ်ရောင်းချနေသည့် မြန်မာမှု ပစ္စည်းအရောင်းဆိုင်များမှာ ခရီးသွားရာသီနှင့် ဘုရားဖူးရာသီကိုသာ အဓိက အားထားနေရသော်လည်း အွန်လိုင်းဈေးကွက်မှာ ရာသီမရွေး အရောင်းအဝယ် ဖြစ်နေကြောင်းနှင့် လက်ရှိ အွန်လိုင်းဈေးကွက်တွင် မြန်မာမှု အသုံးအဆောင် ပစ္စည်းများအား ကျပ် ၃၅ဝဝ မှ ကျပ်သိန်း ၂ဝ ဝန်းကျင်ဈေးနှုန်းအထိ အော်ဒါ မှာယူမှုနှင့် ဝယ်ယူမှုများရှိနေကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment