Thursday, June 28, 2018

အမေရိကန်နှင့်တရုတ် ကာကွယ်ရေးဝန်ကြီးများ ပေကျင်း၌တွေ့ဆုံ

Image may contain: 2 people, people standing and outdoor
ဝါရှင်တန် ဇွန် ၂၇
အရှေ့အာရှခရီးစဉ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ် သည် တရုတ်ကာကွယ်ရေးဝန်ကြီး ဝီဖန်ဂီနှင့် ပေကျင်းမြို့တွင် ဇွန် ၂၇ ရက် က တွေ့ဆုံခဲ့ကြောင်း သတင်းများအရ သိရသည်။
အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံတပ်ဖွဲ့များအကြား ယုံကြည်မှုပိုမို ခိုင်မာစေရန် ကြိုးပမ်းချက်တစ်ခုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က တရုတ်ကာကွယ်ရေးဝန်ကြီး ဝီဖန်ဂီအား ပင်တဂွန်စစ်ဌာန ချုပ်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကောင်းမွန်မှုသည် နှစ်နိုင်ငံ အကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ကြိုးပမ်းမှုအတွက် အဓိကကျကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က တရုတ်ကာကွယ်ရေးဝန်ကြီး ဝီဖန်ဂီအား ပြောကြားခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်အနေဖြင့် တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကောင်းမွန် သော အချက်ပင်ဖြစ်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဝီဖန်ဂီက အမေရိကန် ကာကွယ်ရေးဝန်ကြီးအား ပြန်လည်ပြောကြားခဲ့သည်။
ဝန်ကြီးများ၏ အစည်းအဝေးနှင့်ပတ်သက်ပြီး အသေးစိတ် သတင်း ထုတ်ပြန်ခြင်းမရှိသော်လည်း မြောက်ကိုရီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေး ခဲ့ဖွယ်ရှိကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
ထို့ပြင် ကာကွယ်ရေးဝန်ကြီးနှစ်ဦးသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ဆိုင်ရာပဋိပက္ခ ဖြစ်ပေါ်နေချိန်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံအား တောင်တရုတ်ပင်လယ်အတွင်းရှိ ကျွန်းတုများပေါ်တွင် ကာကွယ်ရေးအင်အား တိုးမြှင့်မှုအပေါ် ဝေဖန်ခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မက်တစ်က နှစ်နိုင်ငံအကြား ကာကွယ်ရေးကဏ္ဍတွင် ဆက်ဆံရေးမြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံ ပဋိပက္ခကို ပြေငြိမ်းစေရန်နှင့် မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားလက်နက် ကင်းစင် စေရန် ဖိအားပေးခြင်းအဖြစ် စီးပွားရေးပိတ်ဆို့အရေးယူမှုများ လုပ်ဆောင် ရာတွင် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်စေရန် ပြောကြားခဲ့ကြောင်း သိရ သည်။
အင်န်အိတ်ခ်ျကေ

No comments:

Post a Comment