Thursday, June 28, 2018

နမ့်ဆန်တွင် ပထမဆုံးအကြိမ် ပြည်သူ့စကားဝိုင်း ကျင်းပ

Image may contain: one or more people and people sitting
နမ့်ဆန် ဇွန် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် လူငယ်နှင့် ဘက်စုံဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ် ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ ဒေသဦးစီးအဖွဲ့အမှုဆောင် ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးနှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမောင် မောင်လေးတို့က ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် အနာဂတ်လူငယ်များ၏ အခန်းကဏ္ဍများကို ဆွေးနွေးပြောကြားကြသည်။
ဆက်လက်၍ လူမှုကူညီရေးအသင်းမှ ဦးကျားတီက လူငယ်နှင့်ပရဟိတ အကြောင်းကိုလည်းကောင်း၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်မောင်က ဒေသဝမ်းစာအဓိကထုတ်ကုန် ဖြစ်သော လက်ဖက်ဈေးကွက်၏အပြောင်းအလဲများနှင့် လက်ဖက်ထုတ်ကုန်ကို နိုင်ငံတကာစံချိန်မီ ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေးအတွက် အဓိက လိုအပ်ချက်များကိုလည်းကောင်း ဦးဆောင်ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက ပညာရေး၊ ကျန်းမာရေး၊ ဒေသ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး ထာဝရတည်ရှိနိုင်ရေးကဏ္ဍများကို မေးမြန်းကြရာ တာဝန်ရှိသူများက ရင်းနှီးပွင့်လင်းစွာ ပြန်လည်၍ ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင် ဦးသိန်းဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုင်းဝင်းထူးနှင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တအာင်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသား ကျောင်းသူများ၊ နမ့်ဆန်တအာင်းလူငယ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၃၂၈ ဦး တက်ရောက်ခဲ့ကြသည်။
သီပေါကိုလတ်

No comments:

Post a Comment