Wednesday, June 27, 2018

(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ ဆက်လက်ကျင်းပ

Image may contain: one or more people
နေပြည်တော် ဇွန် ၂၆
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို ယနေ့နံနက် ၈ နာရီတွင် စတင်ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၈၁၈ တွဲကို ယူရို ၈၆ ဒသမ ၈၆၆ သန်းဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။
ယနေ့တွင် ပြည်တွင်းပြည်ပ ရတနာကုန်သည် ၄ဝဝဝ ကျော် လာရောက်ကြည့်ရှုလေ့လာဝယ်ယူခဲ့ကြပြီး အခြေခံဈေး ယူရိုငွေ ၄ဝဝဝ နှင့် အထက် တန်ဖိုးသတ်မှတ်ထားသည့် ကျောက်စိမ်းအတွဲ အမှတ်(၂၃ဝ၁)မှ (၃၄၅ဝ)အထိ အတွဲပေါင်း ၁၁၅ဝ တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီက ရတနာပြပွဲများသို့ အကြိမ်(၂ဝ)နှင့်အထက် ဆက်တိုက်တက်ရောက်ခဲ့ကြသော ပြည်ပရတနာကုန်သည် များကို ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီဝင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင် များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက ကျောက်မျက် ရတနာပြပွဲများသို့ အကြိမ် (၂ဝ) ဆက်တိုက် တက်ရောက် ခဲ့ကြသည့် ပြည်ပရတနာကုန်သည် ခြောက်ဦးအား ဂုဏ်ပြု မှတ်တမ်းများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြပွဲဗဟိုကော်မတီ အတွင်းရေးမှူး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက အကြိမ် (၃ဝ) ဆက်တိုက် တက်ရောက်ခဲ့သည့် ရတနာကုန်သည် တစ်ဦးနှင့် (၃၅) ကြိမ်ဆက်တိုက် တက်ရောက်ခဲ့သည့် ရတနာကုန်သည်နှစ်ဦးတို့အား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့အဖြစ် ဇွန် ၂၇ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၃၄၅၁ မှ ၄၆ဝဝ အထိ၊ ဇွန် ၂၈ ရက်တွင် ကျောက်စိမ်းအတွဲ အမှတ် ၄၆ဝ၁ မှ ၅၇၅ဝ အထိနှင့် ဇွန် ၂၉ ရက်တွင် ကျောက်စိမ်း အတွဲ ၅၇၅၁ မှ ၆၇၉၅ အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-မျိုးသူဟိန်း
ဓာတ်ပုံ- ကျော်ရဲဆွေ

No comments:

Post a Comment