Wednesday, June 27, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးအတွက်သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများ ကျင်းပ

Image may contain: one or more people, people sitting, screen, table and indoor
နေပြည်တော် ဇွန် ၂၆
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးအတွက် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်း ကော်မတီအလိုက် ဆွေးနွေးပွဲများကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည် တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ သတ်မှတ် နေရာ အသီးသီး၌ ကျင်းပသည်။
နိုင်ငံရေးကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွင် တိုင်းရင်းသားလူနည်း စုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ EAOစေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး ရွေးချယ်သော မူဝါဒ အဆိုပြုလွှာများဖြစ်သည့် တိုင်းရင်း သားလူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား၊မ ဆိုင်ရာ တန်းတူညီမျှမှုတို့နှင့် ပတ်သက်သည့် အဆိုပြုချက်များကို ဆွေးနွေးကြ သည်။
ပီပြင်စွာဖော်ဆောင်ရေး
စီးပွားရေးကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်ဆိုင်ရာ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသန္တရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဖက်ဒရယ်စနစ် စီးပွားရေးဆိုင်ရာအခြေခံမူများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံမူများနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ပီပြင်စွာဖော်ဆောင်ရေး ခေါင်းစဉ်အောက်မှ ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်အချက်များကို ဆွေးနွေးကြသည်။
လူမှုရေးကဏ္ဍ လုပ်ငန်းကော်မတီဆွေးနွေးပွဲတွင် အမျိုးသမီးကဏ္ဍ၊ တိုင်းရင်းသား စာပေရေးရာသင်ကြားရေး၊ လူတိုင်းအကျုံးဝင်ပညာရေးစနစ် ဖော်ဆောင်ရေး၊ လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သည့် ကျန်းမာရေးစနစ် ဖော်ဆောင်ရေး၊ တိုင်းရင်းသား ဘာသာစကား၊ စာပေ၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာနှင့် ဝတ်စားဆင်ယင်မှု သမိုင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုအမွေ အနှစ်များ ဖော်ထုတ်ကာကွယ်ထိန်းသိမ်းရေး၊ လူငယ်ရေးရာကိစ္စရပ်များ လူမှု ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ (Social Cohesion) သဘောတရားများ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
လုံခြုံရေးကဏ္ဍ လုပ်ငန်းကော်မတီဆွေးနွေးပွဲတွင် ကမ္ဘာ့နိုင်ငံတိုင်းတွင် ထားရှိသော တစ်ခုတည်းသော တပ်မတော်လေ့လာချက်များနှင့် လုံခြုံရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ရေရှည်တည်တံ့ရေး
မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲတွင် မြေယာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပိုင်ဆိုင်ခွင့်၊ စီမံခန့်ခွဲခွင့်၊ အကာအကွယ်ပြုရေး ဆိုင်ရာအစီအမံများ၊ ရေရှည်တည်တံ့ရေးဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ကဏ္ဍအလိုက် ဆွေးနွေးပွဲများသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးခင်ဇော်ဦး၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ပဒိုစောတာဒိုမူး၊ ဦးမျိုးဝင်း၊ ဦးစိုင်းငင်း၊ စောမြရာ ဇာလင်း၊ ခွန်မြင့်ထွန်း၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျဦး နှင့် တာလှဖေ၊ ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ တို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အကျိုးတော်ဆောင်များတက်ရောက်ကြ သည်။
လုံခြုံရေးလုပ်ငန်းကော်မတီ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ တာလှဖေက ''ကျွန်တော်တို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုတဲ့ ခေါင်းစဉ်ငါးခုကို ဆွေးနွေးတာဖြစ်ပါတယ်၊ လုပ်ငန်း ကော်မတီတစ်ခုချင်းစီမှာသုံးနားညီ အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကတစ်နား၊ EAOS ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကတစ်နား၊ နိုင်ငံရေးပါတီက တစ်နား၊ အဖွဲ့တစ်ခုစီမှာ အတွင်းရေးမှူးအပါအဝင် ငါးဦးစီ၊ ၁၅ ဦးနဲ့ ဆွေးနွေး တာဖြစ်တယ်၊ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ စကားရပ်က တော်တော် နက်ရှိုင်းတယ်၊ နားလည်မှုလည်းလွဲမှားနိုင်တယ်၊ တစ်ခုတည်းသော တပ်မတော် ဆိုတာက အနာဂတ်ဒီမိုကရေစီပြည်ထောင်စုရဲ့ တစ်ခုတည်းသော တပ်မတော် တစ်ခုဖြစ်မယ်၊ တစ်ခုတည်းသော တပ်မတော်မှာ ဘာတွေပြည့်စုံရမယ်၊ ဘာတွေလိုအပ်မယ် အဲဒါတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
တွန်းအားပေး
''ကျွန်တော်တို့က နားလည်မှုတည်ဆောက်တဲ့ ဆွေးနွေးမှုမျိုးပဲရှိပါသေး တယ်၊ တတိယအကြိမ် ပင်လုံညီလာခံကိုတော့ ဇူလိုင် ၁၁ ရက် မှ ၁၅ ရက် အထိ ငါးရက်တာ ကျင်းပသွားမှာဖြစ်ပါတယ်၊ အင်မတန်မှခက်ခဲတဲ့ အနေ အထားကနေ ကျွန်တော်တို့ လုံခြုံရေးအခန်းကဏ္ဍဆိုရင် မဆွေးနွေးတော့ ဘူးဆိုတဲ့ အတိုင်းအတာထိကို ရောက်သွားတဲ့အရာကနေပြီး သူတို့နိုင်ငံရေး ပါတီကနေပြီး တွန်းအားပေးပြီးတော့ ဆက်လက်ဆွေးနွေးသွားကြမယ်ဆိုပြီး ကြိုးစားရင်းနဲ့ ဒီလိုဆွေးနွေးဖြစ်တာကို တကယ်ပဲဂုဏ်ယူမိပါတယ်'' ဟု ပြောကြားသည်။
နိုင်ငံရေးကဏ္ဍလုပ်ငန်းကော်မတီ ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ''ကျွန်တော်တို့ ကျင်းပနေတဲ့အစည်းအဝေးကတော့ UPDJC ကဏ္ဍအလိုက် လုပ်ငန်းကော်မတီငါးခုကိုတွေ့ဆုံတဲ့ အစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးမှာ ဘယ်အချက်အလက်တွေကို တင်ပြမလဲဆိုတာ ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
''၂ဝ၁၇ မေလမှာ ကျင်းပတဲ့ ညီလာခံတုန်းက ဆွေးနွေးပြီးတော့ သဘော တူညီချက် မရနိုင်သေးတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ စုစည်းပြီးတော့ ပြန်လည်တင်ပြဖို့ရှိတယ်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြီးခဲ့တဲ့ ညီလာခံမတိုင်မီမှာ ဆွေးနွေးပြီးတော့ တင်ပြလာတဲ့အချက်တွေကို ကျွန်တော်တို့ ညီလာခံကို မတင်နိုင်သေးဘဲ ချန်ထားတဲ့အချက်တွေရှိသေးတယ်၊ ပြီးခဲ့တဲ့ ကာလမှာNCA စာချုပ်လက်မှတ်ရေးထိုးပြီးတော့ အမျိုးသားအဆင့်နိုင်ငံရေး မကျင်းပနိုင်သေးတဲ့ အဖွဲ့အစည်းတွေရဲ့စာတမ်းတွေ၊ အစုအဖွဲ့အသီးသီးကနေ ထပ်ပြီးတော့ တင်ပြလာတဲ့စာတမ်းတွေကို စုစည်းပြီးတော့ အကောင်းဆုံး ဖြစ်အောင် တင်သွင်းနိုင်ဖို့ ကြိုးစားနေပါတယ်၊ ကျွန်တော်က နိုင်ငံရေးကဏ္ဍ ကို တာဝန်ယူတဲ့သူဆိုတော့ အဓိကအနေနဲ့က ပြီးခဲ့တဲ့ညီလာခံမှာ ပြုစုနေတဲ့ အချက်တွေထဲက ကျန်တဲ့အချက်တွေကို ဆွေးနွေးသွားဖို့သဘောတူထားပါတယ်။ ကျန်တဲ့အချက်တွေက တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ် ခြင်း၊ နိုင်ငံသားအားလုံးက ခံစားသင့်ခံစားထိုက်တဲ့ အခြေခံအခွင့်အရေးတွေကို ဆွေးနွေးသွားပါမယ်၊ တချို့အမြင်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်သွားနိုင် အောင် အဖြစ်သဘောညီလာခံကျင်းပတယ်လို့ ဝေဖန်တဲ့သူတွေရှိပါတယ်၊NCA စာချုပ်အရ ကျွန်
တော်တို့ သဘောတူထားတာ ပြည်ထောင်စုကြီးကို ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုကြီး တည်ထောင်မယ် ဆိုပြီး သဘောတူထားပါတယ်၊ အခြေခံမူ၊ အခြေခံအခွင့်အရေးတို့ကတော့ ဒီနိုင်ငံကို ဒီမိုကရေစီကျင့်စဉ်နဲ့အညီ ထူထောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကျင့်စဉ်တွေ ဖြစ်ပါတယ်''ဟု ပြောကြားသည်။
နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ လုပ်ငန်းကော်မတီ ဆွေးနွေးပွဲများကို ဇွန် ၂၈ ရက်အထိ ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MM၊ မွှေးကြူဇင် (သတင်းစဉ်)

No comments:

Post a Comment