Friday, June 29, 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသက် ၉ဝ နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

Image may contain: 5 people, people smiling, people standing
ရန်ကုန် ဇွန် ၂၈
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် အသက် ၉ဝ နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီ က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးစေတီလမ်းရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာန သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် ပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ''အဓိကကတော့ လူမှုကာကွယ်စောင့်ရှောက်ရေးမှာ လုပ်ငန်း ကြီးရှစ်ရပ်မှာပါတဲ့ အသက် ၉ဝ နဲ့အထက် ဘိုးဘွားတွေကို လူမှုရေးပင်စင် ထောက်ပံ့တာဖြစ်ပါတယ်။ ဝန်ကြီးဌာနအနေနဲ့က ၈၅ နှစ်နဲ့အထက်ကို ထောက်ပံ့ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ လွှတ်တော်ကနေ အတည်ပြုပေးခဲ့ မယ်ဆိုရင် (၈၅)နှစ်နဲ့အထက် ဘိုးဘွားတွေကိုပါ နောက်ပိုင်းထောက်ပံ့ပေးလာနိုင် တော့မှာပါ''ဟု ပြောသည်။
ယနေ့အခမ်းအနားတွင် အသက် ၉ဝ အရွယ်ရှိ စမ်းချောင်းမြို့နယ်မှ အဘိုး ကန်ရင်လျောင်(ခ) ဦးငွေလွန်းအား ယခုနှစ်ပထမအစ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) အတွက် ငွေကျပ်သုံးသောင်းနှင့် အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးရှိ အသက် ၉ဝ နှင့်အထက် အဘိုး အဘွား ၅၅၉၈ ဦးအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်းကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ဝ နှင့် အထက် သက်ကြီးဘိုးဘွား ၂ဝ၇၈၁ ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ သိရသည်။
သီသီမင်း

No comments:

Post a Comment