
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌ သည် လာမည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးနေမှုများကို သွားရောက်ကြည့်ရှုမည်ဖြစ်သည်။
ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel ၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များကို သတင်းမီဒီယာများသို့ အသိပေးရှင်းလင်းပွဲတွင် ICRC (Myanmar) မှ ပြည်သူ့ဆက်ဆံရေးအရာရှိ Officer Corinne Ambler က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက ''ICRC ဥက္ကဋ္ဌ Peter Maurer ရဲ့ ခရီးစဉ်မှာ ရခိုင်ကိုသွားမယ်၊ ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ICRC တို့က ရခိုင်မှာ အကူအညီပေးနေတာတွေ သွားကြည့်မယ်၊ အစားအစာ ထောက်ပံ့နေတာတွေ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ရွေ့လျားဆေးခန်းတွေ သွားကြည့်မယ်၊ ဘာတွေဆက်ပြီး ထောက်ပံ့ဖို့ လိုအပ်သလဲဆိုတာ ကြည့်မယ်၊ မိုးရာသီ ရောက်နေတဲ့အတွက် ဘာတွေ လိုအပ်သလဲဆိုတာ ကြည့်မယ်''ဟု ပြောသည်။
ICRC ဥက္ကဋ္ဌသည် ၎င်း၏ ခရီးစဉ်အတွင်း နေပြည်တော်၌ နိုင်ငံတော်အကြီးအကဲများနှင့် တွေ့ဆုံ သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံခရီးစဉ်ပြီးဆုံးပါက ဘင်္ဂလား ဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ICRC က အကူအညီပေးနေသည့် ဒုက္ခသည်စခန်းများသို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယနေ့ ရှင်းလင်းပွဲမှ သိရ သည်။
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့သည့် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှစတင်ကာ ကြက်ခြေနီလှုပ်ရှားမှုအဖြစ် မောင်တောဒေသရှိ ကျေးရွာ ပေါင်း ၁၃ဝ ကျော်သို့ သွားရောက်ကာ လူပေါင်း ၁၈ဝဝဝဝ ကျော်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်လျက်ရှိကြောင်း ICRC (Myanmar)မှ သိရသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)သည် ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် မောင်တော မြို့တို့တွင် အမြဲတမ်းအခြေစိုက်ရုံး ဖွင့်လှစ်ကာ ၂ဝ၁၂ ခုနှစ် မှစတင်၍ အကြမ်းဖက်မှုနှင့် အခြားသော ဘေးအန္တရာယ် များ၏ဒဏ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခံစား ခဲ့ရသူများ၏ ဘဝအခြေအနေများ ပိုမိုကောင်းမွန်လာစေရန် လုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အာဏာပိုင်အဖွဲ့အစည်း များနှင့် ပွင့်လင်းမြင်သာစွာ လုပ်ငန်းများဆောင်ရွက်သကဲ့ သို့ ရပ်ရွာလူထုခေါင်းဆောင်များ၊ အကူအညီရယူသူများ နှင့်လည်း ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းICRC(Myanmar)မှ သိရသည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)သည် လက်နက်ကိုင်ပဋိပက္ခ (သို့မဟုတ်) အခြားသော အကြမ်းဖက်မှုဒဏ်ခံစားနေရသူများကို ဘက်လိုက်မှုကင်း ၍ ကြားနေကာ ခွဲခြားမှုမရှိဘဲ လွတ်လပ်သော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို ပံ့ပိုး ပေးလျက်ရှိပြီး နိုင်ငံပေါင်း ၈ဝ ကျော်တွင် ဝန်ထမ်း အင်အား ၁၆ဝဝဝ ကျော်ဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။
သတင်း-မင်းသစ်(MNA)၊ ဓာတ်ပုံ-ICRC
No comments:
Post a Comment