Friday, June 1, 2018

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ ကျင်းပ

Image may contain: 1 person, sitting
နေပြည်တော် မေ ၃၁
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ပြည်ထောင်စု ၏ ဘဏ္ဍာငွေအရအသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိသည့်အတွက် လွှတ်တော်က အတည် ပြုကြောင်း ကြေညာသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို သဘောတူ
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် တင်ပြထားသော ဦးစိုးဝင်းကို ကန့်ကွက်သူ မရှိသည့်အတွက် လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်သူအား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကြမ်း ဖတ်ကြား
ယင်းနောက် လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသော သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ဦးဇော်မင်းက ဖတ်ကြားသည်။
ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်တွင် ယင်း ဥပဒေကြမ်းတွင် ဥပဒေကြမ်းအမည်၊ အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်တို့၏ အတည်ပြုချက်များအတိုင်း လည်းကောင်း၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်းလည်းကောင်း အတည်ပြုပြဋ္ဌာန်းသင့်သည်ကို လေ့လာတွေ့ရှိကြောင်း သဘောထားမှတ်ချက်ပြု ထားသည်။
အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ ၂ဝ၁၆-၂ဝ၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို အဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က ဖတ်ကြား တင်ပြ သည်။
အစီရင်ခံစာတွင် လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့သည် မြန်မာလွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်း ဆောင်ရည်တိုးတက်မြင့်မားလာစေရေးအတွက် အကူအညီပေးမည့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကမ်းလှမ်းလာသော ဖွံ့ဖြိုးမှုအစီအစဉ် များသည် လွှတ်တော်၏ လိုလားချက်၊ လိုအပ်ချက်နှင့် ကိုက်ညီစေရေးအတွက် စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
လိုအပ်ချက်နှင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်ပြီး လုပ်ငန်းများပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးလျက်ရှိပါကြောင်း၊ မြန်မာလွှတ်တော် မဟာဗျူဟာစီမံကိန်း ၂ဝ၁၅-၂ဝ၁၈ ကိုUNDP/ IPU၏ အကူအညီဖြင့် ရေးဆွဲထားပြီးဖြစ်ရာ မဟာဗျူဟာစီမံကိန်းတွင် ပါဝင်သော လွှတ်တော်၏ အနာဂတ်မျှော်မှန်းချက်၊ ဦးတည်ချက်တို့ ပြည့်စုံရန် လွှတ်တော်၏ လက်ရှိလိုအပ်ချက်နှင့် စိန်ခေါ်မှုများ ကို အောင်မြင်မှုရစေရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများမှ ပေးအပ်သော ဖွံ့ဖြိုးမှုအစီအစဉ်များကို စနစ်တကျကြီးကြပ်ညှိနှိုင်းရေးမှာ အရေးပါသည်ကို တွေ့ရှိရပါကြောင်း ဖော်ပြပါရှိသည်။
အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေကို
ပြင်ဆင်သည့် ဥပဒေကြမ်း သဘောတူ
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ရေးဆွဲတင်ပြခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိသည့်အတွက် အပုဒ်အားလုံးကို တစ်ပြိုင် တည်းအတည်ပြုရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ကြေညာသည်။
ဆက်လက်၍ ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ဝ၂၉ ဘီလီယံ ချေးငွေရယူရန် အတည်ပြု
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ဝ၂၉ ဘီလီယံ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ၂ဝ၁၈ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတော်ဗဟို ဘဏ်မှ ငွေချေးယူခြင်းအတွက် သတ်မှတ်သည့်အတိုးနှုန်းနှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေကို ဗဟိုဘဏ်က အစိုးရငွေတိုက် လက်မှတ်များဖြင့် ဖြည့်ဆည်းသည့်ကာလတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ အစိုးရငွေတိုက်လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချပြီး လေလံအောင်မြင်သည့် အစိုးရငွေတိုက်လက်မှတ် များအပေါ်ပေးသော ပျမ်းမျှဈေးကွက်အတိုးနှုန်းဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်မှစ၍ အတိုးရယူခဲ့ခြင်းဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အတိုးနှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း ကျခံရသည့်အတွက် အသုံးစရိတ်များ ပိုမိုကျခံရ သော်လည်း အတိုးနှုန်းမှ ဆွဲဆောင်သဖြင့် အစိုးရငွေချေးသက်သေခံ လက်မှတ် များကို ပိုမိုရောင်းချရသောကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူ ခြင်းကို လျှော့ချနိုင်မည်ဖြစ်၍ ပြည်တွင်းငွေဖောင်းပွမှုဖိအားကို လျော့ကျနိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူပါက Monetary Impact ရှိပါ ကြောင်း၊ ထိုImpact သည် ငွေဖောင်းပွမှုကို တိုးလာနိုင်သည့်အတွက် လိုငွေ စာရင်းကို တစ်နှစ်ထက်တစ်နှစ် လျှော့ချလျက်ရှိပါကြောင်း၊ လိုငွေဖြည့်ဆည်းမှုကို လျှော့ချခြင်းအား Fiscal Contraction Shock ဟုခေါ်သည့် အစိုးရအသုံးစရိတ် ရုတ်ခြည်းလျှော့ချခြင်းကြောင့် နိုင်ငံ၏စီးပွားရေးမှာ ရုတ်တရက်ကျဆင်းခြင်းကို မဖြစ်စေရန် ဗဟိုဘဏ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ညှိနှိုင်း၍ သတိထားဆောင်ရွက်နေပါကြောင်း၊ ပြည်တွင်းချေးယူငွေအနက် ဗဟိုဘဏ်မှ ချေးယူငွေပမာဏမှာ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ (၆)လ တာကာလတွင် ၂ဝ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်းသည် သိသာထင်ရှားသည့် ညင်သာမှုရှိသောဘဏ္ဍာရေးစနစ် ပြောင်းလဲမှုဟု ပြောနိုင်ပါကြောင်း၊ ထိုပြောင်း လဲမှုကို ဆက်လက်ထိန်းသိမ်းထားရန် ဗဟိုဘဏ်အနေဖြင့် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနနှင့်အတူ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ဖြစ်ပေါ်လာမည့် လိုငွေအတွက် ငွေကျပ် ၆၄၁ ဒသမ ဝ၂၉ ဘီလီယံကို မြန်မာ နိုင်ငံတော်ဗဟိုဘဏ်က အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့် ဆည်းမည်ဖြစ်ရာ ချေးငွေရယူနိုင်ရေး မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ (၉၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုပေးနိုင်ပါရန် ပြန်လည် ရှင်းလင်းတင်ပြသည်။
အလားတူ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းတင်ပြသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ထောက်ခံ မဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက်
ဆောင်ရွက်မှု ရှင်းလင်းတင်ပြ
၂ဝ၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည် ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့်စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့က ရှင်းလင်းတင်ပြသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်ပချေးငွေ (၂ဝ)ခုအနက် ဝန်ကြီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းမှာ (၁၄)ခုရှိပြီး အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် စီမံကိန်းမှာ (၂)ခုရှိပါ ကြောင်း၊ ချေးငွေစာချုပ်လက်မှတ်ရေးထိုးခြင်း မရှိသေးသည့်စီမံကိန်းမှာ (၄)ခုရှိပါကြောင်း။
ချေးငွေများမှာ JICA ချေးငွေ ဂျပန်ယန်းဘီလီယံ ၁ဝ၈ ဒသမ ၈၅ဝ၊ China Development Bank (CDB)USD သန်း ၁၆ ဒသမ ၄ဝ၈၊ World Bank USD သန်း ၄၅ဝ၊ ADB USD သန်း ၁၄ဝ၊ EXIM Bank of Korea USD သန်း ၁ဝဝ နှင့် ဂျာမနီနိုင်ငံ ယူရိုသန်း ၂၃ ဒသမ ၈၈၃ တို့ ဖြစ်ပါ ကြောင်း။
JICA ချေးငွေဖြင့် ရန်ကုန်မြို့ရှိ ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများပြုပြင်ခြင်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့်(၁) မိတ္ထီလာခွဲရုံနှင့် တောင်ငူခွဲရုံ ဓာတ်အားလိုင်း စီမံကိန်း၊ အမျိုးသားလျှပ်စစ်ဓာတ်အားပို့လွှတ်ရေး ကွန်ရက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအဆင့်(၂) ဘုရားကြီး-လှိုင်သာယာ ဓာတ်အားလိုင်း၊ ၅ဝဝ ကေဗွီ ဘုရားကြီးခွဲရုံနှင့် လှိုင်သာယာခွဲရုံတို့ကို ဆောင်ရွက်လျက်ရှိပြီး ကျန်စီမံကိန်း(၄)ခုအတွက် ချေးငွေထုတ်ယူခြင်း မရှိသေးပါကြောင်း။
China Development Bankချေးငွေဖြင့် အသုတ်-ပုသိမ် ဓာတ်အား လိုင်း ၃ဝ ဒသမ ၂၅ မိုင်နှင့် ဓာတ်အားခွဲရုံနှစ်ရုံကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သထုံသဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းမှာ ယခုအခါ စမ်းသပ်မောင်းနှင် လျက်ရှိပြီး ဇွန်လတွင်အပြီးသတ် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါကြောင်း။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေဖြင့် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများ ဓာတ်အားဖြန့်ဖြူးမှုတိုးတက်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးမြို့ကြီးများတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံ များ အဆင့်မြှင့်တင်ခြင်း၊ သစ်သားတိုင်များအား ကွန်ကရစ်တိုင်ဖြင့် အစားထိုး လဲလှယ်ခြင်း၊ ACRS ကြိုးလဲခြင်း၊ ABC ကြိုးလဲခြင်းနှင့်Switch Bayတိုးချဲ့ ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ EXIM Bank of Korea ချေးငွေဖြင့် ၅ဝဝကေဗွီ တောင်ငူ-ကမာနတ်(ဘုရားကြီး) ဓာတ်အားလိုင်း ၁၁၇ မိုင် တည်ဆောက်ခြင်းစီမံကိန်း လုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံပိုင်သတင်း စာများမှ တင်ဒါခေါ်ယူခဲ့ပြီး ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားဓာတ်အားရရှိရေးစီမံကိန်းအတွက် Steel တိုင် ၂၉၄၆ လုံး၊ ထရန်စဖော်မာ ၅ဝဝ နှင့် ကွန်ကရစ်တိုင် ၉၈ဝဝ အား စီမံကိန်းလုပ်ငန်းခွင်နှင့်စတိုသို့ စတင်ပို့ဆောင်ပြီး ဖြစ်ပါကြောင်း၊ ဂျာမနီ ချေးငွေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်နှင့် လင်းခေး ခရိုင်အတွင်းရှိ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် Consultant တင်ဒါများစိစစ်နေပြီဖြစ်ပြီး လုပ်ငန်းတင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ပါ ကြောင်း၊ အခြားဝန်ကြီးဌာနဖြင့် ပူးပေါင်းပြီး JICA ချေးငွေရယူ၍ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးဆိုင်ရာ ဒေသတွင်းဖွံ့ဖြိုးမှုစီမံကိန်း (အဆင့်၁)အတွက် ပြည်နယ်(၅)ခု၊ တိုင်းဒေသကြီး (၆)ခုတို့တွင်Diesel Generator ၁၂၈ လုံး တပ်ဆင်ခြင်းနှင့် (၄ဝဝ)ဗို့ ABC လိုင်း ၁၂၇ ဒသမ ၂၉ဝ မိုင် တည်ဆောက် ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးနေပြီဖြစ်ပါကြောင်း၊ အခြားစီမံကိန်း(၁)ခုမှာ သီလဝါစက်မှုဇုန်ဓာတ်အားရရှိရေးအတွက် ၃၃ ကေဗွီ သန်လျင်-သီလဝါ ဓာတ်အားလိုင်းနှင့်ခွဲရုံ၊ သာကေတ-သီလဝါ ဓာတ်ငွေ့ပိုက် လိုင်းသွယ်တန်းခြင်း လုပ်ငန်းမျာကို ဆောင်ရွက်ပြီး လုပ်ငန်းအားလုံး ပြီးစီးနေပြီ ဖြစ်ပါကြောင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ကဏ္ဍအနေဖြင့် ချေးငွေ စီမံကိန်း(၁၄) ခု၊ အခြားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး ချေးငွေရယူ၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း(၂)ခုတို့ကို ချေးငွေစာချုပ်ပါ စည်းကမ်းချက်များအား တိကျစွာလိုက်နာပြီး အလေအလွင့် မရှိစေရန် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ခြင်းများအပေါ် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇွန် ၅ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးမြင့်၊ မျိုးသူဟိန်း(သတင်းစဉ်)

No comments:

Post a Comment