Tuesday, June 5, 2018

ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကို အကျိုးပြုနေသည့်ကွမ်းခြံကုန်းမြို့နယ်မှ တာပြတ်ဇရပ်ရေတံခါး

Image may contain: outdoor
ရန်ကုန် ဇွန် ၎
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်ရှိ တာပြတ်ဇရပ် ရေတံခါးသည် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်တို့ရှိ ဒေသခံတောင်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုဒဏ်မှကင်းဝေး ပြီး စိုက်ပျိုးရေရရှိကာ များစွာ အကျိုးဖြစ်ထွန်းလျက် ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကော့မှူးမြို့နယ် မကျီးတန်းကွင်းမှ တောင်သူ ဦးဝင်းမြင့်က ''ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ကော့မှူးမြို့နယ်အရှေ့ခြမ်း ရန်ကုန်မြစ်ဘက်မှာ ရေငန်တားတာတွေကာပေး၊ ကွင်းအတွင်းမှာ ရေနုတ်မြောင်းတွေတူးပြီး ကွမ်းခြံကုန်း ရေထိန်းတံခါးအပြင် တာပြတ်ဇရပ် ရေတံခါးကိုပါ တည်ဆောက်ပေးလိုက်တော့ မိုးစပါး ရေကြီးနစ်မြုပ်မှု ကင်းဝေးပြီး ရေချိုပါရလာတဲ့ အတွက် နွေစပါးစိုက်ပျိုးမယ့် တောင်သူတွေ များလာပါတယ်''ဟု ပြောသည်။
ယခင်က ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူး မြို့နယ်မှ ဒေသခံတောင်သူများသည် မိုးရာသီ ရေကြီးနစ်မြုပ်မှု နှစ်စဉ်ခံစားနေရပြီး မိုးစပါး ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ၂ဝ၁၅ ခုနှစ်တွင် တာပြတ်ဇရပ် ရေတံခါးကို တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တာပြတ်ဇရပ်ရေတံခါးသည် ကွမ်းခြံကုန်းမြို့နယ် တောင်ဘက်ခြမ်းရှိ တာပြတ် ဇရပ်ချောင်းဟောင်းပေါ်တွင် ဆောက်လုပ်ထားပြီး ၆ ပေ x ၆ ပေ အကျယ်ရှိ ရေတံခါးပေါက် ခြောက်ပေါက်ပါရှိသော ရေတံခါးတစ်ခုဖြစ်ကာ ကွင်းအတွင်းမှ ပိုလျှံရေများကို ဖောက်လုပ်ထား သည့် ရေမြောင်းများမှ ကွမ်းခြံကုန်းချောင်း၏ လက်တက်ဖြစ်သည့် တာပြတ်ဇရပ်ချောင်းမှ တစ်ဆင့် ဒီရေကျချိန်တွင် တိုးမြစ်အတွင်းသို့ ထုတ်နုတ်ပေးလျက်ရှိကြောင်း၊ တိုးမြစ်ဒီရေ တက်ချိန်တွင်လည်း ကွင်းအတွင်းသို့ ပြင်ပရေ ပြန်လည်ဝင်ရောက်ခြင်းမပြုနိုင်ရန် ကာကွယ် ထိန်းညှိပေးကြောင်း၊ နွေစပါး စိုက်ပျိုးရာသီတွင် လည်း သဘာဝချောင်း၊ မြောင်းများနှင့် ရေနုတ် မြောင်းများတွင် ရေချိုသိုလှောင် ထိန်းသိမ်းလျက် ရှိပြီး တိုးမြစ်မှ ရေချိုဖြည့်တင်းပေးဝေလျက် ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
''ကွမ်းခြံကုန်းနဲ့ ကော့မှူးမြို့နယ်မှာရှိတဲ့ ကွင်းတွေမှာက ဆက်တိုက် မိုးသည်းထန်စွာ ရွာတဲ့အခါ ရေကြီးရေလျှံမှုမဖြစ်စေဖို့အတွက် အလျင်အမြန် ရေနုတ်ပေးပြီး မိုးစပါးရေကြီး နစ်မြုပ်မှု ကင်းဝေးစေဖို့နဲ့ နွေစပါးအောင်ရေ ထိန်းသိမ်းသိုလှောင်ပေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်'' ဟု ရန်ကုန် တောင်ပိုင်းခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်အောင်က ပြောသည်။
အဆိုပါ တာပြတ်ဇရပ်ရေတံခါးကြောင့် ယခု အခါ ကော့မှူးမြို့နယ်တွင် မိုးစပါး ဧက ၂၅၄၆၆ ဧကနှင့် ကွမ်းခြံကုန်းမြို့နယ်တွင် မိုးစပါးဧကများစွာ ကို ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ပေးနိုင်ခဲ့ပြီး အဆိုပါ မြို့နယ်နှစ်မြို့နယ်အတွင်း နွေစပါးဧက ၇၃၈၇ ဧကကို စိုက်ပျိုးရေ သိုလှောင်ဖြည့်တင်းပေး ဝေနိုင်ခဲ့ကြောင်း သိရသည်။
မင်းသစ်(MNA)

No comments:

Post a Comment