Thursday, June 28, 2018

မူးယစ်အန္တရာယ် ပညာပေးမှတ်စု

No automatic alt text available.
မိဘနဲ့ မူးယစ်ဆေးဝါးကာကွယ်ရေးတာဝန်
မိဘတိုင်းက မိမိတို့ကလေးငယ်တွေ မူးယစ်ဆေး သုံးစွဲမှာမဟုတ်ဘူးဆိုပြီး ထင်မြင်တတ်ကြပါတယ်။ အမှန်က မူးယစ်ဆေးဝါးအန္တရာယ်ဟာ အမြဲ လက်တစ်ကမ်းမှာ ရှိနေတယ်လို့ မူးယစ်ဆေးစွဲနေသူ တစ်ဦးရဲ့ မိခင်က ဆိုပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှု ဆိုတာ ကမ္ဘာလုံးဆိုင်ရာပြဿနာဖြစ်ပြီး မူးယစ်အန္တရာယ် ကို တွန်းလှန်ဖို့အတွက် မိဘတွေမှာ အများဆုံးတာဝန် ရှိပါတယ်။
မစ်ဆိုရီပြည်နယ်က အမေတစ်ဦးကတော့ ''ကလေးအများစုဟာ မိဘစိတ်ဆင်းရဲအောင်၊ စိတ်ပျက် အောင် မလုပ်ချင်ကြပါဘူး''လို့ ဆိုပါတယ်။ မိဘတွေဟာ ဆယ်ကျော်သက်မတိုင်မီကတည်းက မူးယစ်ဆေး အန္တရာယ်ကို ကလေးတွေသိရှိအောင် ပညာပေးထားသင့် သလို မသုံးစွဲရဘူးဆိုတဲ့ တင်းကျပ်တဲ့ စည်းကမ်းမူဘောင် ကိုလည်း ကလေးလက်ခံနိုင်မယ့်ပုံစံနဲ့ လမ်းညွှန်မှုပြုသင့် တယ်လို့ စိတ်ရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဂျော်ထက်ဒိုးက အကြံဥာဏ်ပြုထားပါတယ်။
မူလတန်းအရွယ်မှာကြိုသင်ပါ
ကလေးအသက် ကိုးနှစ်ဝန်းကျင်ရောက်လာတဲ့အခါ အမှားအမှန်ကို ဆုံးဖြတ်တတ်ဖို့၊ မိမိကိုယ်ကို ကာကွယ် တတ်ဖို့နဲ့ ကျန်းမာအောင်နေတတ်ဖို့အတွက် မိဘတွေမှာ တာဝန်ရှိပါတယ်။ အလေ့အကျင့်ကောင်းလေးတွေ၊ မိတ်ဆွေနဲ့ရန်သူ၊ မုန်းသူနဲ့ ချစ်သူ၊ ကောင်းတာနဲ့ဆိုးတာကို ခွဲခြားနိုင်ဖို့ဆိုတာ မိဘတွေရဲ့သွန်သင်မှုအပေါ်မှာ အခြေခံပြီး အသက်ဆယ်နှစ်မကျော်မီ ကလေးငယ်ဟာ သူ့အသိဥာဏ်လေးနဲ့ အထိုက်အလျောက် ဝေဖန်ပိုင်းခြား နိုင်ပြီဆိုရင် မိဘတွေဟာ အရာတော်တော်များများကို ဆောင်ရွက်ပြီးတာနဲ့အတူတူပါပဲလို့ စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက ဆိုပါတယ်။
ပြောင်းလဲနိုင်တာ မိဘပါ
မိဘအုပ်ထိန်းသူတွေဆီကနေ မူးယစ်ဆေးဆိုးကျိုး တွေကို သိထားတဲ့ကလေးတွေဟာ မူးယစ်ဆေးသုံးစွဲမှုက တခြားကလေးတွေထက် နည်းပါးတယ်လို့ စိတ်ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာဂျော်ထက်ဒိုးက ပြောပါ တယ်။ ကမ္ဘာပေါ်က စိတ်ရောဂါပညာရှင်တွေရဲ့ လေ့လာချက်တွေအရ မိဘတွေက မူးယစ်ဆေး မသုံးစွဲစေ ဖို့ သတိပေးကြတဲ့အတွက် ကလေးတွေ ဆေးခြောက်သုံးစွဲတဲ့ နေရာမှာ ၃၆ ရာခိုင်နှုန်း၊ နှာခေါင်းကနေ ရှူသွင်းရတဲ့ မူးယစ်ဆေးသုံးစွဲမှုမှာ ၅ဝ ရာခိုင်နှုန်း၊ စိတ်ကြွရူးသွပ် ဆေးတွေ သုံးတဲ့နေရာမှာ ၅၆ ရာခိုင်နှုန်းအထိ လျော့ကျ စေတာကို မြင်တွေ့ရပါတယ်။ မူးယစ်ဆေးဝါး၊ ဆေးရွက်ကြီး နဲ့ ဆေးလိပ်၊ အရက် သုံးစွဲတာရဲ့ အန္တရာယ်ကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ဆင့်မှာ စဉ်ဆက် မပြတ် အသိပေးနေဖို့ လိုအပ်ပါတယ်။
မူးယစ်ဆေးဝါး လုံးဝမသုံးရ
ကလေးတွေဟာ အရေးကြီးတဲ့ ဆုံးဖြတ်တာတွေ ရွေးချယ်ရာတွေမှာ မိဘအုပ်ထိန်းသူတွေကို အကြံဥာဏ် တောင်းတတ်ပါတယ်။ ဥပမာပြောရရင် ''သင်္ချာပုံသေနည်း တွေ ဘယ်လိုမှတ်မိအောင်လုပ်ရမလဲ''လို့ မေးတတ်ပါ တယ်။ ကလေးတွေရဲ့မေးခွန်းတိုင်းကို ပြန်ပြီးဖြေကြား တတ်ဖို့ မိဘတွေဟာလည်း အသိပညာကို အချိန်မဆိုင်း ဖြည့်ဆည်းကြဖို့ လိုအပ်သလို ကလေးတွေရဲ့ ကိုယ့်အပေါ် ထားတဲ့ ယုံကြည်ကိုးစားမှုကိုလည်း ဖြည့်ဆည်းနေကြဖို့ လိုအပ်ပါတယ်။ မူးယစ်ဆေးဝါးလုံးဝမသုံးရလို့ တိတိ ကျကျစည်းကမ်းကို သားသမီးတွေသိအောင် ပြောပြထား ဖို့ တာဝန်ရှိပါတယ်။ ဒါမှလည်းကလေးတွေက မိဘတွေ ဖြစ်စေချင်တဲ့ဆန္ဒကို ရှင်းရှင်းလင်းလင်းသိထားပြီး နားလည်လိုက်နာမှာပါ။
ဆေးမသုံးတဲ့အတွက် ဂုဏ်ယူတတ်ပါစေ
ဆယ်ကျော်သက်အရွယ်မှာ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း မိဘတွေဆီကနေ သိထားတဲ့ကလေး တွေဟာ ဆေးဝါးသုံးစွဲမှု ၄၂ ရာခိုင်နှုန်း လျော့နည်းတယ် လို့ သုတေသန အချက်အလက်တွေအရ သိရပါတယ်။
''တိကျတဲ့ စည်းကမ်းတွေသတ်မှတ်ပြီး မူးယစ် ဆေးရဲ့အကျိုးဆက်တွေရှင်းပြတာ၊ ကလေးတွေရဲ့ အပြုအမူကောင်းလေးတွေကို ချီးမွမ်းတာ၊ ဆုပေးတာနဲ့ ကလေးတွေရဲ့နေ့စဉ်ဘဝမှာ တစ်သားတည်းပါဝင်နေထိုင် ပေးတာဟာ သားသမီးတွေ မူးယစ်ဆေးကင်းစင်စေဖို့ ကာကွယ်ရာရောက်တယ်''လို့ မူးယစ်ဆေးသုံးစွဲမှု ကာကွယ်ရေး ပါရဂူ ဒေါက်တာအယ်မလီရမီရက်ဇာက မိဘတိုင်းအတွက် ရည်ရွယ်ပြောလိုက်ပါတယ်။ ကလေး တွေမူးယစ်ဆေးဝါးမသုံးစွဲကြဘူးဆိုတာဟာ သူတို့အပေါ် မိဘတွေထားတဲ့ အရေးယူတဲ့ နွေးထွေးတဲ့ ဆက်ဆံရေး တွေနဲ့ ဆေးမသုံးတာကို ဂုဏ်ယူတတ်တဲ့ အရာတွေကို ဆုံးရှုံးသွားမှာကြောက်လို့ဖြစ်ပါတယ်လို့ မူးယစ်ဆေးသုံးစွဲ မှု ကာကွယ်ရေးပါရဂူက မိဘတွေအားလုံးအတွက် သတိပေးထားတာကို ပြန်လည်မျှဝေလိုက်ရပါတယ်။
ခင်ရတနာ

No comments:

Post a Comment