Friday, June 22, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း ရန်ကုန်-မန္တလေးလမ်းနှင့် ဆေးရုံလမ်းထောင့် မီးပွိုင့်တပ်ဆင်ထားရှိမှုနှင့် မြို့တွင်းလမ်းများအား ကြည့်ရှုစစ်ဆေး

Image may contain: 3 people, people standing, tree and outdoor
ပဲခူး ဇွန် ၂၁
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများနှင့်အတူ ဇွန် ၂၁ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ရန်ကုန်-မန္တလေး လမ်းနှင့် ဆေးရုံလမ်းထောင့်တို့၌ မီးပွိုင့်တပ်ဆင် ထားရှိမှုနှင့် မြို့တွင်းလမ်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာနမှ ရန်ကုန်-မန္တလေးလမ်းနှင့် ဆေးရုံလမ်းထောင့်တို့တွင် မီးပွိုင့် များတပ်ဆင်ထားရှိမှု အခြေအနေကို ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်း ၃ဝ မှ ဆေးရုံလမ်းသို့ ဖြတ်ကူးသည့်နေရာသည် အန္တရာယ်ရှိနိုင်ကြောင်း၊ လမ်းသတ်မှတ်ချက်လမ်း ကြောင်းများအား ပြင်ဆင်ရေးဆွဲရန်နှင့် လမ်း ၃ဝ မှ ထွက်လာမည့် ယာဉ်များအတွက် သတိပေး အချက်ပြစနစ်တစ်ခု ထည့်သွင်းရန်မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လမ်း ၃ဝ ၊ သနပ်ပင်လမ်း၊ ၂၉ လမ်းနှင့် ၂၈ လမ်းတို့ကို ကြည့်ရှုစစ်ဆေးရာ တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေး မှူးဦးအောင်မြင့်က လမ်း ၃ဝ၊ သနပ်ပင်လမ်း၊ ၂၉ လမ်းနှင့် ၂၈ လမ်းတို့အား ယခုနှစ်တွင် ကွန်ကရစ်
ကတ္တရာများ ခင်းသွားမည်ဖြစ်ပြီး လက်ရှိလမ်းဘေး ရေမြောင်းများ ပြန်လည်တူးဖော်လျက်ရှိကြောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးရာသီဖြစ်၍ မြို့တွင်းလမ်းများ၌ ရေတင်မှုများနှင့် ရေမြောင်းများ ရေစီးမှု ရှိ၊ မရှိ စည်ပင်သာယာရေး အဖွဲ့အား ကွင်းဆင်းကြည့်ရှုရန်၊ လမ်းပေါ်ရေတင် ခြင်းသည် လမ်းပျက်စီးမှုကို ဖြစ်စေသလို ယာဉ်
အန္တရာယ်လည်း ဖြစ်နိုင်ကြောင်း၊ လိပ်ပြာကန်ဘေးရှိ ကိုယ့်မင်းကိုယ့်ချင်းလမ်းအား လမ်းခင်းခြင်းနှင့် ချဲ့ခြင်းများ ဆောင်ရွက်သွားရန် မှာကြားသည်။
ပဲခူးမြို့သည် ရန်ကုန်-မန္တလေး၊ ရန်ကုန်- မော်လမြိုင်စသည့်ဒေသများသို့ လူစီး၊ ကုန်တင် ယာဉ်များ အဓိကဖြတ်သန်းရာ လမ်းဆုံမြို့တစ်ခု ဖြစ်ခြင်း၊ မြို့ပြလူနေမှုတိုးတက်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံ များပြားလာခြင်း၊ မြို့တွင်းသုံးယာဉ် သုံးဘီးဆိုင်ကယ်များ တိုးတက်များပြားလာခြင်း ကြောင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်း ရှင်းစေရန်အတွက် ယခုကဲ့သို့ မီးပွိုင့်များ တိုးချဲ့ တပ်ဆင်ခြင်းဖြစ်ပြီး လမ်းအသုံးပြုသူ ပြည်သူများ နေဖြင့်လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များကို အထူးဂရုပြုလိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)

No comments:

Post a Comment