
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး အကြိုပြင်ဆင်နိုင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ကဏ္ဍအလိုက် ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့်ရလဒ်များအပေါ် ပြန်လည်သုံးသပ်သည့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုး၊ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းနှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစု အဖွဲ့မှ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အကျိုးဆောင်များ တက်ရောက်ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် ဇွန် ၁၉ ရက်နှင့် ၂ဝ ရက်တို့က ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည့် ရလဒ်များအပေါ် ပြန်လည်ရှင်းလင်းတင်ပြကြပြီး သုံးသပ် ဆွေးနွေးကြသည်။
ကဏ္ဍအလိုက်ဆွေးနွေး
နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲရလဒ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးက လည်းကောင်း၊ စီးပွားရေးကဏ္ဍ ဆွေးနွေးပွဲရလဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှ မောင်ရွှေကလည်းကောင်း၊ လူမှုရေးကဏ္ဍ ဆွေးနွေးပွဲရလဒ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူး ဦးဇော်ဌေး ကလည်းကောင်း၊ မြေယာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆွေးနွေးပွဲရလဒ်များနှင့် စပ်လျဉ်း၍ ဒေါက်တာဝါဝါမောင်ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ဆွေးနွေးပွဲများတွင် ယခင်စုစည်းခဲ့သည့် စုစည်းချက်များ၊ မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲက ရရှိခဲ့သည့်အချက် များ၊ CSOဖိုရမ်က တင်ပြလာသည့်အချက်များကို မူတည်ပြီး ကဏ္ဍအလိုက် ဆွေးနွေးကြရာတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့တို့၏ ရပ်တည် ချက်တစ်ခုကို ရရှိခဲ့ပါကြောင်း၊ ယခုအစည်းအဝေးသည် အောင်မြင်ပါကြောင်း၊ ယခုကဲ့သို့အစည်းအဝေးများကို မကြာခဏ ပြုလုပ်သင့်ပါကြောင်း၊ တတိယ အကြိမ် ညီလာခံပြီးစီးပါက လုပ်ငန်းကော်မတီအစည်းအဝေးကို မကြာခဏ ဆောင်ရွက်ကြပြီး ညီလာခံကို ခြောက်လတစ်ကြိမ်ကျင်းပနိုင်ရန် ကြိုးစားရမည် ဖြစ်ပါကြောင်း ပြောကြားပြီး အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးသည်။
ယနေ့ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးတွင် တင်ပြနိုင်ရန်အတွက် ကဏ္ဍအလိုက်ရလဒ်များကို စုစည်းနိုင်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲနှင့်စပ်လျဉ်း၍ အစိုးရ၏ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့မှ ဦးဂျင်မီက ''လူမှုရေးကဏ္ဍမှာတော့ မူဝါဒအဆိုပြုချက် ၁ဝ ချက် ရထားပါတယ်၊ ၁ဝ ချက်လုံးက ပြည့်ပြည့်စုံစုံ လုပ်ထားပါတယ်၊ နိုင်ငံရေး၊ စီးပွားရေး ကဏ္ဍတွေမှာလည်း သူ့ကဏ္ဍနဲ့သူ တင်ပြနေကြပါတယ်၊ ဆက်ပြီး ဆွေးနွေးသွားဖို့လည်း ရှိပါတယ်၊ ဒုတိယအကြိမ် ပြည်ထောင်စုသဘောတူညီချက် လေးချက် လူမှုရေးကဏ္ဍမှာ ရထားပြီးပါပြီ၊ မွန်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲ က တက်လာတဲ့စာတမ်းနဲ့ CSOတွေဘက်က တင်ပြလာတဲ့ စာတမ်းရှိပါတယ်၊ အဲဒီစာတမ်းနှစ်ခုပေါ်မှာ အခြေခံပါတယ်၊ နောက်ပြီး စာတမ်းတစ်ခု၊ နှစ်ခု တက်လာဖို့ရှိတယ်လို့လည်း ပြောပါတယ်၊ စာတမ်းတွေအပေါ်အခြေခံပြီး ဆွေးနွေးပါတယ်၊ စာတမ်းတွေကလည်း တော်တော်ကောင်းပါတယ်၊ ကျွန်တော် တို့ လေးလေးစားစား ဆွေးနွေးပါတယ်၊ ရလဒ်တွေက တတိယအကြိမ် (၂၁) ရာစု ပင်လုံညီလာခံအတွက် အကျိုးဖြစ်မယ်လို့ပြောလိုပါတယ်''ဟု ပြောကြား သည်။
မျိုးမြင့်(သတင်းစဉ်)
No comments:
Post a Comment