Thursday, June 21, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

No automatic alt text available.
နေပြည်တော် ဇွန် ၂ဝ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး (၁၈)ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ရှင်းလင်းဖြေကြားခြင်းနှင့် အဆို ၁ ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထည်ချုပ်စက်မှုဇုန်၊ ချည်မျှင်နှင့် အထည်အလိပ် စက်မှုဇုန်များ အကောင်အထည်ဖော်သွားမည်

အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော် ကျော်ဦး၏ အထည်အလိပ်ကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် အတွက် အထည်ချုပ်စက်မှုဇုန်များ(Garment Industry Zone)၊ ချည်မျှင်နှင့် အထည်အလိပ်စက်မှုဇုန်များ (Textile Industry Zone) တည်ထောင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုက နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အစည်းတို့နှင့် ပေါင်းစပ် ညှိနှိုင်း၍ စက်မှုဝန်ကြီးဌာနမှ ရှင်းလင်းဖြေကြားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှု မြင့်မား လာစေရေးတို့အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ တာဝန်ခံဝန်ကြီးဌာနအဖြစ် ဦးဆောင်၍ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာကဏ္ဍကြီး ၁၁ ရပ်ကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဆိုပါ ကဏ္ဍကြီး ၁၁ ရပ်အနက် အထည်အလိပ် နှင့် အဝတ်အထည်ကဏ္ဍ အကောင်အထည်ဖော်ရေး ကော်မတီကို စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှု လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာအရ မြန်မာနိုင်ငံ ၏ အထည်အလိပ်နှင့် အဝတ်အထည်ကဏ္ဍ ပို့ကုန်မြှင့်တင် နိုင်ရေးအတွက် CMP စနစ်ဖြင့် ဆောင်ရွက်နေသော အထည်ချုပ်လုပ်ငန်းများအား FOB စနစ်သို့ ကူးပြောင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ Bonded Warehouseစနစ် အကောင်အထည်ဖော်ရေး၊ ပြည်ပသို့ တင်ပို့နေသော ချုပ်ထည်များအတွက် လိုအပ်သော ကုန်ကြမ်းများအား နည်းစဉ်တစ်လျှောက် ထုတ်လုပ်မှု ကွင်းဆက်တည်ဆောက်နိုင်ရေး၊ ပို့ကုန်မြှင့်တင်ရာ အထောက်အကူပြုနိုင်ရေးတို့အတွက် လိုအပ်သော အထည် အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးစက်မှုဇုန်များ တည်ထောင်သွားရမည် ဖြစ်ပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် အထည်အလိပ်နှင့် ပတ်သက်၍ အဝတ်အထည် ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန်အတွက် သီးသန့်မြေ နေရာ စီစဉ်နေဆဲဖြစ်သောကြောင့် မြေ၊ အဆောက်အအုံ၊ လျှပ်စစ်၊ ရေနှင့် သဘာဝဓာတ်ငွေ့ စသည့် အခြေခံ အဆောက်အအုံများနှင့် ကျွမ်းကျင်လုပ်သားများရှိထားပြီး ဖြစ်သည့် စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများတွင်Industrial Complex နှင့် Cluster များကို ရှေ့ပြေးအစီအစဉ်တစ်ရပ် အနေဖြင့် တည်ထောင်နိုင်ရန် ပုဂ္ဂလိကနှင့် ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၁) အထည် စက်ရုံ(ရွှေတောင်)ရှိ မြေလွတ် ၁၂၇ ဧကတွင် အထည် အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးအစုအဖွဲ့ တည်ထောင်နိုင်ရေးအတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တွင် ဘတ်ဂျက်တင်ပြ တောင်းခံထားပါကြောင်း။
စစ်ကိုင်းတိုင်းဒေသကြီးရှိ အမှတ်(၃) အထည်စက်ရုံ နှင့် အမှတ်(၃)အထည်စက်ရုံခွဲနှင့် ဝါကြိတ်စက်ရုံတို့ တွင် Textile Industrial စက်ရုံတို့ကို တည်ထောင်ထား ရှိပြီး ကနဦးအနေဖြင့် အမှတ် (၃) အထည်စက်ရုံခွဲတွင် အပ်ချုပ်စက်အလုံးရေ ၁ဝဝ တပ်ဆင်ပြီးဖြစ်၍ Export အထည်များ ချုပ်လုပ်နေပြီဖြစ်ပါကြောင်း၊ စက်မှုနယ်မြေ များတွင် ရေဆိုးသန့်စင်မှုစနစ်ပါဝင်သော နိုင်ငံတကာ၌ ခေတ်စားနေသည့် ဆိုးထည်များထုတ်လုပ်၍ ချည်ဆေးဆိုး ခြင်းလုပ်ငန်းများ၊ ကိုရီးယားနိုင်ငံDaehan Knit ကုမ္ပဏီ နှင့်JV ဆောင်ရွက်ရန် ဆွေးနွေးပြီးဖြစ်ပါ၍ မကြာမီတွင် စတင်အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်ပါကြောင်း၊ အထည်ချုပ်စက်ရုံများအပြင် သဘာဝသစ်သီးဖျော်ရည် စက်ရုံ၊ လျှပ်စစ် ACSR Wire ထုတ်လုပ်သောစက်ရုံများ နှင့်Solar စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ များနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး အမြန်ဆုံးအကောင် အထည်ဖော်နိုင်တော့မည် ဖြစ်ပါကြောင်း၊ အမှတ်(၂) အထည်စက်ရုံ ပုလိပ်တွင်Textile Complex တည်ထောင် နိုင်ရန်အတွက် Panda Textile Co.,Ltd. နှင့် China Textile City Co.,Ltd.တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက် မည့် Myanmar Textile City Co.,Ltd. နှင့် စီစဉ် ဆောင်ရွက်လျက်ရှိနေပါကြောင်း။

ရေနီစက်မှုနယ်မြေတွင် အထည်ချုပ်စက်ရုံများနှင့် ကုန်သေတ္တာသိုလှောင်ရုံများ ထည့်သွင်းတည်ဆောက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ နေပါကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်ရှိ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းပိုင် မြေနေရာတွင် သွင်းကုန်၊ ပို့ကုန် ကုန်စည်များအား လုံခြုံစွာ သိုလှောင်ထိန်းသိမ်းထား နိုင်ရန်အတွက် ပြည်တွင်းရှိ စက်မှုဇုန်များနှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ပင်မSmart Bonded Warehouse တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များကလည်း အထည်အလိပ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အထည်ချုပ်စက်မှုဇုန်၊ ချည်မျှင် နှင့် အထည်အလိပ်စက်မှုဇုန်များအား အကောင်အထည် ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြား သည်။

ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေနစ်မြုပ်မှုကြောင့် နစ်နာသူတောင်သူများအား ထောက်ပံ့ကြေးပေးရာတွင် အမည်လွဲမှားသူများ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်မရှိ

ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ ထီးချိုင့်မြို့နယ် အတွင်း ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ဧရာဝတီမြစ်ရေနစ်မြုပ် မှုကြောင့် နစ်နာသူတောင်သူများအား နိုင်ငံတော်မှ ထောက်ပံ့ကြေးပေးအပ်ရာတွင် အမည်လွဲမှား ရရှိသူများထံ မှ ငွေများကို အမှန်တကယ် နစ်နာသူများသို့ ပြန်လည် လွှဲပြောင်းပေးအပ်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ်တွင် ၂ဝ၁၆ ခုနှစ် ဧပြီနှင့် မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဧရာဝတီမြစ်ရေကြီးမှုကြောင့် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာပေါင်း ၁၅ ရွာမှ တောင်သူပေါင်း ၅၂ဝ ၏ နွေစပါးနှင့် ဆောင်းမြေပဲများ ပျက်စီးခဲ့ပါကြောင်း၊ ပျက်စီးခဲ့သော ဧကများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က နွေစပါးတစ်ဧကလျှင် ငွေကျပ် ၃၉ဝဝဝ နှုန်းဖြင့် ငွေကျပ် ၁၈၆ သိန်းနှင့် ဆောင်းမြေပဲ တစ်ဧကလျှင် ငွေကျပ် ၇၂ဝဝဝ နှုန်းဖြင့် ငွေကျပ် သိန်းပေါင်း ၄၉ဝ ကျော်တို့ကို သက်ဆိုင်ရာတောင်သူများ ထံသို့ ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း။

ရေကြီးနစ်မြုပ်စဉ်က စာရင်းတင်ရန် ကျန်ခဲ့သည်ဟု တင်ပြသောမြေများသည် ထီးချိုင့်မြို့နယ် ဒိုးပင်ကျေးရွာ အုပ်စု ကွင်းအမှတ် (၂၂၉၁) ဘိုထုံကွင်းနှင့် ကွင်းအမှတ် (၂၂၉၆) မြိုင်မကြီးကွင်းအတွင်းရှိ လယ်ယာမြေများဖြစ်သည် ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကြီးမှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုများ စာရင်းကောက်ယူခဲ့စဉ်က ကျေးရွာအုပ်စုမှ မြို့နယ်အထိ အဆင့်ဆင့်သော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက ကွင်းဆင်းစစ်ဆေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်လက်တင်ပြ ဆောင်ရွက်ရပါကြောင်း၊ သက်ဆိုင်ရာ တောင်သူများသို့ သီးနှံထောက်ပံ့ကြေး ပေးအပ်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် ကျေးရွာအုပ်စုအဆင့် သဘာဝဘေးထောက်ပံ့ငွေထုတ်ပေး ရေးအဖွဲ့များ ဖွဲ့စည်း၍ တောင်သူများလက်ဝယ်သို့ အရောက်ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ပါကြောင်း။

အသံချဲ့စက်၊ ရွာဆော်တို့ဖြင့် ရေနစ်မြုပ်ပျက်စီးမှု စာရင်းကို ပေးပို့ရန် ကြေညာခဲ့သော်လည်း ဦးသန့်ဇော် အောင်ပါ ၁၇ ဦးသည် ၂ဝ၁၆ ခုနှစ် မေ ၃ ရက်တွင် ၎င်းတို့ကိုယ်တိုင် သီးနှံပျက်စီးဧက စာရင်းပြုစု၍ ခန့်မှန်း တန်ဖိုးများတွက်ချက်ကာ ဒိုးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး ထောက်ခံချက်လက်မှတ်ရေးထိုးစေပြီး ထီးချိုင့်မြို့ရှိ လူမှုကွန်ရက်အဖွဲ့ တစ်ဖွဲ့ထံသို့သာ စာရင်းပို့ခဲ့ပါကြောင်း၊ သီးနှံထိခိုက်ပျက်စီးဧကများ စာရင်းပေးရန် အချိန်မီသော် လည်း သက်ဆိုင်ရာ ကျေးရွာ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြခဲ့မှု မရှိကြောင်းကို သိရှိရပါကြောင်း၊ အဆိုပါကိစ္စအပေါ် တိုင်ကြားသူများသည် ဒိုးပင်ကျေးရွာတွင် နေထိုင်ကြသူများ မဟုတ်ကြောင်းကိုလည်း တွေ့ရပါကြောင်း၊ ၎င်းတို့အနေ ဖြင့် သီးနှံပျက်စီးမှုစာရင်းကို သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ တင်ပြမှုမရှိဘဲ လူမှုကွန်ရက်များသို့ တင်ပြရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့သည့်အလျောက်၊ ကျေးရွာအုပ်ချုပ်မှုအဖွဲ့ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု အားနည်းခဲ့သည့်အလျောက် အဆိုပါဖြစ်ရပ် ဖြစ်ပေါ်ခဲ့ရကြောင်းကို သုံးသပ်ရရှိပါ ကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ၎င်းတို့ထောက်ခံ ပေးရန် တင်ပြခဲ့သည့် သီးနှံပျက်စီးမှုစာရင်းကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီတို့သို့ တင်ပြခဲ့မှုမရှိသည်ကို စိစစ်တွေ့ရှိရပါ ကြောင်း။

တင်ပြတိုင်ကြားသူ ဦးသန့်ဇော်အောင်ပါ ၃ဝ ဦးတို့ ၏ လယ်ယာမြေများသည် ဧရာဝတီမြစ်ရေမြင့်တက်မှု ကြောင့် ရေလွှမ်းနစ်မြုပ်မှုရှိခဲ့သော်လည်း တံစဉ်လွတ်လုံးဝ ရိတ်သိမ်းခြင်းမပြုနိုင်သည့် အခြေအနေအထိ ဧရိယာ အားလုံး ပျက်စီးခဲ့ခြင်းမဟုတ်ပါကြောင်း၊ တချို့တစ်ဝက် ကို ရေမလွှမ်းမီ ရိတ်သိမ်းခဲ့ပြီး ရေပြန်ကျပြီးနောက် အချို့ ကို ရိတ်သိမ်းနိုင်ခဲ့ပါကြောင်း၊ ရေဝပ်သည့်နေရာအတွင်း၌ သာ ပျက်စီးမှုအချို့ ရှိခဲ့သည်ကို သုံးသပ်ရရှိပါကြောင်း။

ယခုကဲ့သို့ စာရင်းကျန်ရှိခဲ့မှုနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးရှိနိုင်သော်လည်း ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များအနေဖြင့် စည်းရုံး ဆောင်ရွက်နိုင်မှု အပါအဝင် အားနည်းချက်များရှိကြောင်း ကို သုံးသပ်ရရှိပါကြောင်း၊ အချိန်တိုအတွင်းတွင် ဆောင်ရွက်ရသည့် ၎င်းတို့၏ တာဝန်ယူမှုအတိုင်းအတာ ဝန်နှင့်အား မမျှသည့် အခြေအနေများကိုလည်း ထည့်သွင်း စဉ်းစားပြီး အရေးယူမှုအပိုင်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ အရေးယူမှုအပိုင်းတွင် ထီးချိုင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များ ဖြစ်ကြသည့် ဒိုးပင်ကျေးရွာ အုပ်ချုပ်ရေးမှူးကို အသိပေး မှတ်တမ်းတင်ဆုံးမခြင်းနှင့် တောင်သူလယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖတို့ကို တာဝန်မှ နုတ်ထွက် စေခဲ့ပါကြောင်း၊ ကျေးရွာစာရေးကို မြို့နယ်ထွေ/အုပ်၏ စီမံခန့်ခွဲမှုနှင့် အရေးယူ၍ ကျေးရွာအုပ်စုမြေတိုင်းစာရေးကို နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၁ဝ(က)အရ ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်ခဲ့ပါကြောင်း၊ ရေကြီးနစ်မြုပ်မှုစာရင်း နှင့်ပတ်သက်၍ မြေပြင်တွင် ပြန်လည်စိစစ်ရန် အခြေအနေ မပေးတော့သည့်အတွက် တင်ပြသူများအတွက် ထောက်ပံ့ ကြေး ပြန်လည်ပေးအပ်နိုင်ခြင်းမရှိသည့် အခြေအနေဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကျိုင်းတုံမဲဆန္ဒနယ်မှ ဦးစတီဖန်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်နှင့် အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ပြုံးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော သစ်တောဥပဒေကြမ်းကို လက်ခံရရှိကြောင်း နှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

နိုင်ငံတစ်ဝန်း စိုက်ပျိုးရေး နည်းပညာပေးသင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ဆွေးနွေး

ယင်းနောက် ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း တင်သွင်းသည့် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ဘဝ မြင့်မားတိုးတက်စေရေး နှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတစ်ဝန်း စိုက်ပျိုးရေး နည်းပညာပေးသင်တန်းများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပေးပါရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြသည်။

မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံလူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်နေပြည်သူများ ဖြစ်ပြီး ကျေးလက်နေအများစုသည် တောင်သူလယ်သမား ကြီးများပင် ဖြစ်ပါကြောင်း၊ အဆိုရှင် တင်ပြသကဲ့သို့ တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး GDP တွင် ၃ဝ ရာခိုင်နှုန်းသည် လယ်ယာသားငါးကဏ္ဍမှ ရရှိသည့် ပင်မထုတ်လုပ်သူများ သည် တောင်သူလယ်သမားများပင်ဖြစ်ပါကြောင်း၊ စိုက်ပျိုး ရေးနှင့် အသက်မွေးဝမ်းကျောင်း ပြုနေရသည့် တောင်သူ ဦးကြီးများသည် လိုအပ်ချက်များ များစွာရှိနေသေးပါ ကြောင်း၊ အဆိုရှင်ကလည်း တောင်သူလယ်သမားများ၏ ဘဝမြင့်မားတိုးတက်ပြီး တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာရန်အတွက် နိုင်ငံအဝှမ်းတွင် စိုက်ပျိုးရေးနည်းပညာများပေးရန်နှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပပေး ရန် တိုက်တွန်းလာခြင်းသည် ကောင်းမွန်ပါကြောင်း၊ ပြည်သူ့အစိုးရလက်ထက်တွင် တောင်သူများ၏ မျှော်လင့် ချက်များကို အမှန်တကယ်ရရှိနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တောင်သူများ ထဲထဲဝင်ဝင် သိရှိပြီး အမှန်တကယ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် နည်းပညာ ပေးမှုများ၊ နှီးနှောဖလှယ်ပွဲများ ပြုလုပ်ပေးမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ထောက်ခံဆွေးနွေးသည်။

အလားတူ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင် လွင်၊ မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၊ ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းနှင့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်တို့က ဆွေးနွေးကြသည်။

ယင်းအဆိုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြီး အာဟာရပြည့်ဝသော ဘေးအန္တရာယ်ကင်းရှင်းသည့် ဈေးကွက်ဝင်သီးနှံများ တိုးတက်ထုတ်လုပ်နိုင်ရန်အတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တောင်သူ လယ်သမားများ၏

စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ဈေးကောင်းရသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအပေါ် အထောက်အပံ့ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ ဈေးကွက်သတင်းများ၊ ပညာပေး အစီအစဉ်များ ကဏ္ဍစုံပါဝင်သော တောင်သူလယ်သမား ကဏ္ဍရုပ်သံလိုင်း (Farmer Channel) အစီအစဉ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက်ရှိပါကြောင်း၊ တောင်သူသမားများသိလိုသည့် နည်းပညာများ၊ တွေ့ကြုံ နေရသည့် အခက်အခဲများကို မေးမြန်းနိုင်သည့် Call Center ကို ဖွင့်လှစ်ဆောင်ရွက်ပြီး အချိန်နှင့်တစ်ပြေးညီ ပြန်လည်ဖြေကြားပေးလျက်ရှိပါကြောင်း၊ တိုးချဲ့ဆောင်ရွက် နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိပါကြောင်း၊ တောင်သူ လယ်သမားများ၊ ပုဂ္ဂလိက စိုက်ပျိုးရေးကုမ္ပဏီများနှင့် စိုက်ပျိုးရေးဝါသနာရှင်များ လွယ်လင့်တကူ လေ့လာနိုင်ရန် အတွက် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ ပညာပေး စာစောင်၊ စာအုပ်များကို စိုက်ပျိုးရေးဦးစီးဌာန၏Website နှင့် Facebook စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ရန် အတွက် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါ ကြောင်း။

အဆိုပါ တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ တောင်သူလယ်သမားများ၏ဘဝ မြင့်မားတိုးတက်စေရေး နှင့် စိုက်ပျိုးရေးနည်းပညာများ ဖွံ့ဖြိုးလာစေရေးတို့အတွက် နည်းပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှော ဖလှယ်ပွဲများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်ကြီးအဆိုသည် လက်ရှိအခြေ အနေအပေါ် ထင်ဟပ်၍ နိုင်ငံအတွက်လည်း လိုအပ်သည့် အခြေအနေဖြစ်ခြင်းကြောင့် အဆိုကို ထောက်ခံပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထို့နောက် အဆိုရှင်၏သဘောထားရယူရာ အဆိုရှင် မှ အတည်ပြုပေးရန် တင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ သည်။

ဒေသနယ်ပယ်အလိုက် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ရပ်ရွာအရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မေ ၁၄ ရက်က စတင်ကျင်းပခဲ့သည့် အဋ္ဌမပုံမှန်အစည်းအဝေးသည် မကြာခင် ပြီးဆုံးတော့မည်ဖြစ်ပါကြောင်း၊ ယင်းအစည်း အဝေးကာလအတွင်း ဆောင်ရွက်ချက်များအနေဖြင့် ကြယ်ပွင့်ပြမေးခွန်း ၁ဝ၉ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၂၄၅ ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အရေးကြီးအဆို တစ်ခုနှင့် ဝမ်းနည်းကြောင်းအဆို တစ်ခုအပါအဝင် အဆို ၁၃ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို လေးခု၊ မှတ်တမ်းတင် အဆို သုံးခု၊ အတည်မပြု အဆို တစ်ခုနှင့် လက်ခံဆွေးနွေး ရန် မသင့်အဆို တစ်ခုတို့ဖြစ်ကြပါကြောင်း၊ တင်သွင်းပြီး ဆွေးနွေးရန် ကျန်အဆို လေးခု ကျန်ရှိပါကြောင်း၊ ဥပဒေ ကြမ်းများအနေဖြင့် ယခုအစည်းအဝေးကာလအတွင်း ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၃၇ ခုရှိပြီး ဥပဒေကြမ်း ၁၄ ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၂၃ ခု ရှိပါ ကြောင်း။

အစည်းအဝေးကာလအတွင်း အခြားဆောင်ရွက် ချက်များအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ နိုင်ငံ အသီးသီးနှင့် ပြည်ပအဖွဲ့အစည်းများက ပေးပို့လာသည့် ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ ၁၈ စောင်ကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၏ ပြည်ပခရီးစဉ် ငါးခုကို မှတ်တမ်းတင်ခြင်း၊ အစား ထိုးပြောင်းလဲသည့် တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၁ ဦး ကတိသစ္စာပြုခြင်းနှင့် ပြည်သူ့ လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို သက်တမ်းတစ်နှစ် တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း၊ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီများနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော် အခွင့်အရေးကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်း၊ ဥပဒေ ကြမ်းကော်မတီနှင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊ ရင်းနှီး မြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူး များ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း။

ထို့ပြင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးကို ကော်မတီအသီးသီးတွင် အဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ်တာဝန်ပေးအပ်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကိုးဦးကို ကော်မတီ အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်း ဖွဲ့စည်းခြင်းနှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သည့် လွှတ်တော်လုပ်ငန်းစဉ်များ မှန်ကန်စွာ လည်ပတ်နိုင်ရေးသည် ကိုယ်စားလှယ်များ၏ စွမ်းဆောင် ရည်ရှိမှုအပေါ်တွင် အဓိက မူတည်နေပါကြောင်း၊ မိမိတို့ သည် မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုပြီး ဥပဒေပြုရေး မဏ္ဍိုင်ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နေကြရ သူများ ဖြစ်ပါကြောင်း။

ဥပဒေပြုသူများပီပီ တည်ဆဲ ဥပဒေ၊ နည်းဥပဒေများ ကို စံနမူနာပြ လေးစားလိုက်နာကြသူများအဖြစ် မိမိ ကိုယ်ကို အမြဲတည်ဆောက်နေကြရမည် ဖြစ်ပါကြောင်း၊ ထို့ပြင် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများဆွေးနွေးခြင်း ဆောင်ရွက်သည့်အခါတွင်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ၂ဝ၁၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ၂ဝ၁၃ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများမှာ လွှတ်တော်ကိုယ်စား လှယ်များ၏ ကျင့်ဝတ်နှင့် စည်းကမ်းများ ၊ အစည်းအဝေး တွင် လိုက်နာရန် စည်းကမ်းများ၊ မေးခွန်း၊ အဆိုတို့နှင့် ပတ်သက်သည့် ကန့်သတ်ချက်များ၊ စည်းကမ်းချက်များကို သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် သတ်မှတ်ပြဋ္ဌာန်း ထားရှိပြီး ဖြစ်ပါကြောင်း။

ထို့ကြောင့် မိမိတို့သည် မေးခွန်းနှင့် အဆိုကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်သလို လွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သည့် ဥပဒေပြုရေးတာဝန်များ ဆောင်ရွက်သည့်အခါတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိစေရေးကို အထူး သတိပြုရမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးရပ်နားထား စဉ်ကာလအတွင်း ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံသည့် အခါတွင် ပြည်သူလူထုက ယုံကြည်အားကိုး လေးစား တန်ဖိုးထားရသူများအဖြစ် ပြုမူပြောဆိုနေထိုင်သွားကြ ရန် မှာကြားလိုပါကြောင်း၊ ဒေသနယ်ပယ်အလိုက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ရပ်ရွာ အရေးကိစ္စများတွင် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း။

မိမိတို့သည် ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော် ဆောင်ရွက်နေသူများ ပီသစွာ ပြည်သူလူထုကိုလည်း စစ်မှန်သည့် ဒီမိုကရေစီစိတ်ဓာတ်နှင့် အလေ့အကျင့် ကောင်းများကို လေးစားလိုက်နာကြစေရန် ပူးပေါင်း ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပြည်သူများ၏ မျှော်လင့် ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးနိုင်သူများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင် ပေးကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ ထိုသို့ဆောင် ရွက်သည့်အခါ စေတနာကောင်းတစ်ခုတည်းနှင့် မလုံ လောက်ဘဲ မိမိတို့၏ အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားတို့ကို ပေါင်းစပ်ပြီး ဆောင်ရွက်မှသာ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကောင်းမွန်သည့် အကျိုးရလဒ်များ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း။

လွှတ်တော်ရပ်နားထားစဉ်ကာလတွင် မိမိတို့၏ မဲဆန္ဒရှင် ပြည်သူများထံ အရောက်သွားပြီး ပြည်သူ့အသံကို အလေးထား မှတ်သားနားထောင်ကြပါ။ ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် စေတနာအပြည့်နှင့် ပူးပေါင်းပါဝင်ဆောင် ရွက်ကြပါ။ ထိုသို့ ဆောင်ရွက်သည့်အခါတွင် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် ဘောင် မကျော်စေဘဲ ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြ ပါ။ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲများ မထားဘဲ ပြည်သူ့အကျိုး အတွက် ဦးစားပေးဆောင်ရွက်ကြပါ။ အရည်အချင်း ပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် နိုင်ငံ တော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင်ဆောင်ရွက်ကြပါ။ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ပြည်သူနှင့်အတူ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးကြပါရန် မှာကြား လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း ကြေညာသည်။

အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment