
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယ အစည်း အဝေး အကြိုပြင်ဆင်ရေးအတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့ ဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဦးအောင်စိုးနှင့် ပူးတွဲကော်မတီဝင်များ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့် ပါဝင်ထိုက်သူ များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အကျိုးဆောင်များ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပရန်လျာထားပါကြောင်း၊ ကဏ္ဍအသီးသီးတွင် ဒုတိယအကြိမ် အစည်း အဝေး၌ စုစည်းထားသည့် လက်ကျန်စုစည်းချက်များ ကျန်နေပါကြောင်း၊ နိုင်ငံရေးလုပ်ငန်းကော်မတီတွင် ဆွေးနွေးချက် ၁၉ ချက်ကျန်နေပါကြောင်း၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာကဏ္ဍတို့မှ အချက်များများ ရရှိပါကြောင်း။
လုပ်ငန်းကော်မတီအသီးသီးတွင် ဆွေးနွေးရန် လက်ကျန်များရှိပါကြောင်း၊ မွန်ပြည်သစ်ပါတီ၏ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် CSO ဖိုရမ် တင်ပြချက်များ အသစ်တိုးလာနိုင်ဖွယ်ရှိပါကြောင်း၊ လက်ကျန်ဆွေးနွေးချက် များနှင့် အသစ်တိုးလာမည့် တင်ပြချက်များကို စုစည်းလိုက်ပါက တတိယ အကြိမ် ညီလာခံတွင် ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်မည့် အနေအထား ရှိပါကြောင်း။ တတိယအကြိမ် ညီလာခံတွင် ဖက်ဒရယ်နှင့်ပတ်သက်ပြီး နိုင်ငံရေးကဏ္ဍအနေဖြင့် ဖက်ဒရယ်ကို ထင်ဟပ်နိုင်သည့် ခေါင်းစဉ်အနေအထား မျိုး အနည်းငယ်အားနည်းနေပါကြောင်း၊
စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍများတွင် ဖက်ဒရယ်မူကို မီးမောင်းထိုးပြနိုင်သည့် ခေါင်းစဉ်မျိုးဆွေးနွေးနိုင်မည်ဆိုပါက တတိယအကြိမ် ညီလာခံရလဒ်တွင် အလွန်တန်ဖိုးရှိသည်များ ထွက်လာပေါ်မည်ဟု ယူဆပါ ကြောင်း၊ လုံခြုံရေးကဏ္ဍတွင် ဖက်ဒရယ်၏ ပုံသဏ္ဌာန်ကို ထင်ဟပ်စေမည့် အချက်မျိုး အားနည်းနေဆဲဖြစ်နိုင်ပါကြောင်း၊ သို့ဖြစ်၍ အထူးတင်ပြလိုသည်မှာ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍတို့တွင် ဖက်ဒရယ်၏ ပုံသဏ္ဌာန် ပေါ်လာနိုင်မည့် ခေါင်းစဉ်များကို အထူးပြုပြီး စုစည်းဆွေးနွေးပေးစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကNCA၊ မူဘောင်၊ ToRနှင့်SOP စာတမ်းများ နှင့် စပ်လျဉ်း၌ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေးက အစီအစဉ်များ၊ ဆွေးနွေးမည့်ပုံစံများနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။
ယင်းနောက် ကဏ္ဍအလိုက်ဆွေးနွေးပွဲများကို အဆိုပါဗဟိုဌာန သတ်မှတ် နေရာ အသီးသီးတွင်ကျင်းပရာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအတွင်းရေးမှူး ဦးခင်ဇော်ဦးက လည်းကောင်း၊ စီးပွားရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက လည်းကောင်း၊ လူမှုရေးကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီအတွင်းရေးမှူး ဦးဇော်ဌေးက လည်းကောင်း၊ လုံခြုံရေးကဏ္ဍဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဝင် ဗိုလ်မှူးချုပ် စိန်ထွန်းလှက လည်းကောင်း၊ မြေယာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍ ဆွေးနွေးပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးအောင်စိုးက လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ၊ အစိုးရအစုအဖွဲ့မှ ပါဝင်သင့်ပါဝင် ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အကျိုးဆောင်များ ပါဝင် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲများတွင် ယခင်စုစည်းချက်များ၊ ယခင်သဘောတူညီချက်များနှင့် မူဝါဒအဆိုပြုချက်များကို ဆွေးနွေးကြသည်။ နိုင်ငံရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍနှင့် မြေယာ၊ သဘာဝပတ်ဝန်းကျင်ကဏ္ဍဆွေးနွေးပွဲများကို ဇွန် ၂၁ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးမြင့်
No comments:
Post a Comment