Friday, June 29, 2018

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး

Image may contain: 4 people, people sitting, table and indoor
စစ်တွေ ဇွန် ၂၈
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ဥက္ကဋ္ဌ Mr. Peter Maurer နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီ တွင် ပြည်နယ်ဝန်ကြီးချုပ်ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံစဉ် မောင်တောဒေသပဋိပက္ခဖြစ်စဉ် ဖြစ်ပွားပြီး ဒေသလိုအပ်ချက်များကို ICRC အပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး Red Cross Movementအစီအစဉ်ဖြင့်ဆောင်ရွက်နေမှု၊ ICRC ဥက္ကဋ္ဌအနေဖြင့် ရခိုင်ပြည်နယ်အတွင်း အကူအညီများ တိုးမြှင့်လုပ်ဆောင်ရန် မောင်တောဒေသသို့ ကွင်းဆင်းပြီး ရပ်ရွာလူထု အသိုင်းအဝိုင်းအားလုံးနှင့် တွေ့ဆုံဆောင်ရွက် မှု၊ICRC၏ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးမှု၊ နိုင်ငံတော် အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ပြန်လည်လက်ခံရေး၊ စိစစ်ရေး၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို UEHRDအစီအစဉ်ဖြင့် ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်အသီးသီးကို လိုက်လံစိစစ်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုကိစ္စ များကို ဆွေးနွေးခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဥက္ကဋ္ဌသည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်ကြသည့် ရပ်ရွာ လူထုအသိုင်းအဝိုင်းများနှင့် တွေ့ဆုံကူညီဆောင်ရွက် ပေးခဲ့သည်။ ထို့အပြင် အစိုးရကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
''လူတွေရဲ့အဖြစ်အပျက်တွေကို ကြားသိလိုက်ရတာ ကျွန်တော် အတော်စိတ်မကောင်းဖြစ်မိပါတယ်။ လူပေါင်း များစွာ နေရပ်စွန့်ခွာခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေအပြီး နောက်ပိုင်း အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ် ပါတယ်'' ဟုICRC ဥက္ကဋ္ဌ Mr. Peter Maurer က ပြောကြားသည်။
ထို့အပြင် ''အကြမ်းဖက်မှုတွေရဲ့ ကြောက်မက်ဖွယ် ကောင်းတဲ့ အကျိုးဆက်တွေဟာ ရပ်ရွာလူထုရဲ့ လူနေမှု ဘဝနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ အဘက်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်ဆိုတာကို နားလည်ကြဖို့ အရေးကြီး ပါတယ်။ ကျွန်တော်တို့သွားရောက်ခဲ့တဲ့ ငါးခူရ လိုမျိုး ကျေးရွာတစ်ရွာမှာ လူဦးရေလေးပုံတစ်ပုံသာ ကျန်ရှိ တော့တဲ့အခါ စီးပွားရေးလုပ်ကိုင်ကြတဲ့ ဈေးတွေက အလုပ် မဖြစ်တော့ဘူး။ ယေဘုယျလုံခြုံရေးအခြေအနေကလည်း ခက်ခဲပါတယ်။ လူတွေက လယ်ယာလုပ်ကိုင်ဖို့ လယ်ကွင်း တွေထဲ မသွားကြတော့ပါဘူး။ ဈေးတွေကိုလည်း မသွား ကြတော့ဘူး။ သူတို့ဟာ ကြံ့ကြံ့ခံနိုင်စွမ်းမရှိကြဘဲ ကူညီ ထောက်ပံ့မှုတွေကိုပဲ အားကိုးနေကြဆဲပါ'' ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ICRC ဥက္ကဋ္ဌသည် ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ဘူးသီးတောင်မြို့နယ်ရှိ ကြက်ခြေနီ ရွေ့လျားဆေးပေးခန်း တစ်ခုနှင့် မောင်တောမြို့နယ်ရှိ အစားအစာပေးဝေသည့် နေရာတို့ကို သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ ထို့အပြင်ICRC ဥက္ကဋ္ဌသည် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များနှင့်တွေ့ဆုံပြီး ရပ်ရွာလူထု အသိုင်းအဝိုင်းများမှ ရပ်မိရပ်ဖများနှင့်လည်း တွေ့ဆုံခဲ့ ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီဥက္ကဋ္ဌ Mr.Peter Maurer နှင့်အဖွဲ့သည် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ တွင် စစ်တွေမြို့မှ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
အောင်သူရ(သတင်းစဉ်)

No comments:

Post a Comment