Friday, June 29, 2018

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

Image may contain: 1 person, standing
ဘားအံ ဇွန် ၂၈
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင် ပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၄ ရပ်ကွက် သီရိလမ်းရှိ အဆိုပါ အဆောက်အအုံ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ မွန်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေး၊ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်နှင့် အဆောက်အဦ ဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်တို့က အခမ်းအနား ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးရုံး အဆောက်အအုံ ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့် အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ရုံးအဆောက်အအုံအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာဝတ်စုံများ၊ ဓာတ်ပုံများနှင့် ရုံးခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် ရုံးအဆောက်အအုံသစ်ဖွင့်ပွဲ အခမ်း အနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးမင်းတင်ဝင်းတို့က အဖွင့်အမှာ စကား အသီးသီးပြောကြားကြပြီး တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ရုံးအဆောက်အအုံ သစ်ဆောက်လုပ်မှုကိုလည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးမျိုးမြင့်က အဆောက်အအုံဆောက်လုပ်ခဲ့မှုနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ရုံးအဆောက်အအုံသစ်ဖွင့်ပွဲတွင် လာရောက်ကပြဖျော်ဖြေသော တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား တစ်ဖွဲ့လျှင် ငွေကျပ် သုံးသိန်းစီကို ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပအိုဝ်းတိုင်းရင်း သားလူမျိုးရေးရာဝန်ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အင်ဂျင်နီယာချုပ် တို့က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါရုံးအဆောက်အအုံသစ်ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၈၇ ဒသမ ၁ သန်းဖြင့် ခြံစည်းရိုး၊ ဝင်/ထွက်လမ်း၊ ရေ၊ မီးပါ ပေ (၈ဝx၆ဝx၂၄)အာရ်စီ နှစ်ထပ်အဆောက်အအုံအမျိုးအစား ကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ ဦးစီး ဌာန အဆောက်အဦအထူးအဖွဲ့ ၁၃ က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုအဆောက်အအုံသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ဆောက်ဖွင့်လှစ်ခဲ့သည့် တတိယ မြောက် အဆောက်အအုံလည်းဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment