
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ရှစ်ခုမှ အိမ်ထောင်စု ၉၅ စုတို့အား မိုင်းနားကျေးရွာရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တန်ဖိုးနည်းအိမ်ရာသို့ ယနေ့နံနက်ပိုင်းတွင် ပြောင်းရွှေ့နေရာချထားပေးကြပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါ တိုက်ပွဲရှောင်မိသားစုများ၏ ပြောင်းရွှေ့နေရာချထားမှုကို ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်၊ ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာသင်းလွင်နှင့် ပြည်နယ် အဆင့် ဌာနဆိုင်ရာများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပြောင်းရွှေ့နေထိုင်ကြသည့် မိသားစုဝင်များအတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ တန်ဖိုးနည်းအိမ်ရာအလုံး ၁ဝဝ နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ် အစိုးရအဖွဲ့ထံလွှဲပြောင်းပေးအပ်ရာ ပြည်နယ် လူမှုရေးဝန်ကြီးက လက်ခံရယူသည်။
ထို့နောက် တိုက်ပွဲရှောင်မိသားစုဝင်များ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်မှု အခြေအနေတို့ကို လိုက်လံကြည့်ရှုခဲ့သည်။
အဆိုပါ တိုက်ပွဲရှောင်မိသားစုများအား ပြောင်းရွှေ့နေရာချထားပေးသည့် တန်ဖိုးနည်း အိမ်ရာသည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ဆောက်လုပ် ထားခြင်းဖြစ်ပြီး (၄ဝx၆ဝ)ပေကျယ် ခြံဝင်း အတွင်း နေအိမ်တစ်လုံးနှင့် ရေတွင်းတစ်တွင်း စီ ပါဝင်ကာ အိမ်တစ်လုံးလျှင် တန်ဖိုးငွေကျပ် သိန်း ၅ဝ ရှိပြီး အဆိုပါ အိမ်ရာဝင်းအတွင်း ပြောင်းရွှေ့မိသားစုဝင်များ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးအတွက် ဆေးခန်း၊ စာကြည့်တိုက်နှင့်ကလေးပျော်နေရာ တစ်ခု ပါဝင်ကြောင်း သိရသည်။
ယနေ့ ရွှေ့ပြောင်းနေထိုင်ကြသည့် တိုက်ပွဲ ရှောင်များမှာ ဝိုင်းမော်မြို့နယ်အတွင်းရှိ လော်ဝေါ် နှစ်ခြင်းအသင်းတော်မှ အိမ်ထောင်စု ခြောက်စု၊ လော်ဝေါ်အေဂျီအသင်းတော်မှ အိမ်ထောင်စု ငါးစု၊ သာဂရ သရက်တောစခန်းမှ အိမ်ထောင်စု ၄၄ စု၊ သာဂရလီဆူနှစ်ခြင်း အသင်းမှ အိမ်ထောင်စု တစ်စု၊ ခတ်ချိုစခန်းမှ အိမ်ထောင်စု ၁၁စု၊ မိုင်းနားကတ်သလစ် အသင်းတော်မှ အိမ်ထောင်စု ၁၂ စု၊ မိုင်းနား အေဂျီအသင်းတော်မှ အိမ်ထောင်စု ရှစ်စုနှင့် မိုင်းနားဖွံ့ဖြိုးရေးခြံမှ အိမ်ထောင်စု ရှစ်စု စုစုပေါင်း အိမ်ထောင်စု ၉၅ စု၊လူဦးရေ ၄၉၉ ဦးတို့အား ၎င်းတို့၏ ဆန္ဒသဘောထားဖြင့် စာရင်းကောက်ယူကာ သက်ဆိုင်ရာစခန်း အသီးသီးမှ မော်တော်ယာဉ်များဖြင့် ဇွန် ၁၉ ရက်မှစတင်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြောင်းရွှေ့နေရာချထားပေးခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments:
Post a Comment