Tuesday, June 5, 2018

ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ ကျင်းပ

No automatic alt text available.
နေပြည်တော် ဇွန် ၎
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု ဆွေးနွေးခြင်းနှင့် ဥပဒေကြမ်း တစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြား ကြသည်။
မှန်ကန်သော ယာဉ်အချက်ပြမီး တစ်ပြေးညီကျင့်သုံးရန် ဆက်လက်တိုးမြှင့်ဆောင်ရွက်မည်
မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ လမ်းအသုံးပြုသူအားလုံး ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် မှန်ကန်သော ယာဉ်အချက်ပြမီး တစ်ပြေးညီ ပြောင်းလဲ ကျင့်သုံးသွားရန် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက မော်တော်ယာဉ် များ မောင်းနှင်ရာ၌ အချက်ပြမီး မှားယွင်းစွာအသုံးပြုနေ မှုများနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှန်သို့ ပြောင်းလဲကျင့်သုံးနိုင်စေရေး အတွက် ၂ဝ၁၇ ခုနှစ် ဇွန် ၁၆ ရက်မှ ၂ဝ၁၇ ခုနှစ် သြဂုတ် ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ပြီး ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁ ရက်အထိ ယာဉ်များကျော်ဖြတ်ရာ၌ အချက်ပြမီးများ အမှန်သုံးစွဲရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အချိန်နှင့်တစ်ပြေးညီစတင်ပြောင်းလဲကျင့်သုံးနိုင်ရေး အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ၂ဝ၁၇ ခုနှစ် ဇွန် ၉ ရက်တွင် စတင်၍ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင်မီဒီယာများတွင် နှိုးဆော်သွားရန် ဆောင်ရွက်ခဲ့ပါကြောင်း။
အချက်ပြမီးအမှန်သို့ ပြောင်းလဲကျင့်သုံးဆောင်ရွက်ခြင်းမရှိသေးသည့် ယာဉ်မောင်းအနည်းစု ကျန်ရှိနေဆဲဖြစ်သည့်အတွက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအနေဖြင့် ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေးဆပ်ကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင် များအသင်း၊ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကုန်သေတ္တာယာဉ်များအသင်းတို့နှင့် ပူးပေါင်း၍ အချက်ပြမီးအမှန်အသုံးပြုစေရေးအတွက် ဆောင်ရွက်ခဲ့သည့် အသိပညာပေးနှိုးဆော်ချက်များကို တိုးမြှင့်ဆောင်ရွက်ခြင်း၊ အဝေးပြေး လမ်းမကြီးများပေါ်တွင် ကုန်တင်ယာဉ်ကြီးများနှင့် အဝေးပြေးယာဉ်များ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အထူးအလေးထား၍ ပညာပေးမှုများဆောင်ရွက်ခြင်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုလျှောက်ထားရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးသင်တန်းများပို့ချရာတွင် ဦးစားပေး အနေဖြင့် ထည့်သွင်းပို့ချခြင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများ၌ ပြုလုပ်လျက်ရှိသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲများ၌ အချက်ပြမီးအမှန်အသုံးပြုစေရေး အလေးထားဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ အချက်ပြမီးမှားယွင်းစွာ အသုံးပြုနေခြင်းများနှင့်စပ်လျဉ်း၍ မော်တော်ယာဉ်များ ပြစ်ဒဏ်ပြဋ္ဌာန်းချက်ကို ပြည်သူလူထုအတွင်း ကျယ်ပြန့်စွာ သိရှိစေနိုင်ရေးအတွက် အသိပညာပေးမှုများ ဆောင်ရွက်ခြင်း၊ ပြစ်မှုကျူးလွန်သည့် မော်တော်ယာဉ်များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်ခြင်းတို့ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထီးလင်းမြို့နယ်အတွင်း ကျေးရွာသုံးရွာလျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည်
ထီးလင်း မဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်း၊ အလယ်ဘန်း၊ အညာဘန်းကျေးရွာ ၃ ရွာအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ အကြည်ဘန်းကျေးရွာနှင့် အလယ်ဘန်း ကျေးရွာ ၂ ရွာ ဓာတ်အားရရှိရေးအတွက် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ၊ ထီးလင်းဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၇ မိုင်နှင့် ၁၁/သုည ဒသမ ၄ ကေဗွီ၊ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ ၃ လုံး၊ အညာဘန်းကျေးရွာ ဓာတ်အားရရှိရေးအတွက် အလယ်ဘန်းကျေးရွာမှတစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ မိုင်နှင့် ၁၁/သုည ဒသမ ၄ ကေဗွီ၊ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံး တည်ဆောက်ပေးရမည်ကို စိစစ်တွေ့ရှိရပါကြောင်း။
သို့ဖြစ်ပါ၍ အကြည်ဘန်းကျေးရွာနှင့် အလယ်ဘန်းကျေးရွာ ၂ ရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သော ၁၁ ကေဗွီ ဓာတ်အားလိုင်း ခုနစ်မိုင်နှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ၊ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ သုံးလုံးအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်(၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ ၂ဝ၁၉ ခုနှစ် စက်တင်ဘာလအထိ) တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင်လည်းကောင်း၊ အညာဘန်းကျေးရွာ ဓာတ်အားရရှိရေးအတွက် လိုအပ်သော ၁၁ ကေဗွီဓာတ်အားလိုင်း ၅ မိုင်နှင့် ၁၁/သုည ဒသမ ၄ ကေဗွီ၊ ၂ဝဝ အမ်ဗွီအေ ထရန်စဖော်မာ ၁ လုံးအား ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေတွင်လည်းကောင်း ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ဖြေကြားသည်။
ဆက်လက်၍ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်နှင့် ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ရှင်းလင်းဖြေကြားကြသည်။
Mobile Payment စနစ်ကို ဌာနဆိုင်ရာများ၏ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ဆွေးနွေး
ထို့နောက် သိန်းနီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ စီးပွားရေးလုပ်ငန်းများနှင့် အကျုံးဝင်ပတ်သက်သူများအားလုံးသည် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း Mobile Payment စနစ်ကို အသုံးပြုပြီး ဌာနဆိုင်ရာများ၏ ငွေပေးငွေယူကဏ္ဍများတွင် အသုံးပြုခွင့်ရရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးကြသည်။
ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက E-Government ကို အကောင် အထည်ဖော်နေသည့် တိုင်းပြည်တစ်ခုအနေဖြင့် အဆိုရှင်တင်ပြသည့်Mobile Payment သည် အခြေခံကျသော လိုအပ်ချက်တစ်ခုဖြစ်ပါကြောင်း၊ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုများ အနေအထားတကျဖြစ်လာသည့်အခါ အစိုးရနှင့် ပြည်သူ နှစ်ရပ်စလုံးအတွက် ကြီးမားသည့်အကျိုးအမြတ်ကို ရရှိစေမည်ဖြစ်ပါ ကြောင်း၊ Mobile Payment အသုံးပြုခြင်းကြောင့် ပြည်သူများ မလိုအပ်ဘဲ အသုံးပြုနေရသည့် လူအား၊ အချိန်နှင့်ငွေစသည့်အရင်းအမြစ်များကို သက်သာ စေသည့်အပြင် ငွေစက္ကူကိုင်တွယ်အသုံးပြုရခြင်းကြောင့် ဖြစ်ပေါ်လာရသည့် ပြဿနာများ၊ မှုခင်းများကို ရှောင်လွှဲနိုင်ပါကြောင်း၊ ဘဏ်ဝန်ဆောင်မှု အသုံး နည်းသော ကျေးလက်ဒေသပြည်သူများ၏ ငွေပေးချေမှုအတွက် သုံးစွဲနေရ သည့် အရင်းအမြစ်များကို များစွာသက်သာစေပါကြောင်း။
အစိုးရအဖွဲ့အစည်းများအတွက် အခွန်ကောက်ခံမှုပိုမိုထိရောက်ပြီး အငြင်းပွားမှုနှင့် မှုခင်းများကို လျှော့ချရန်အထောက်အကူဖြစ်ပါကြောင်း၊ မိုဘိုင်းငွေပေးချေမှုများ တိုးတက်လာသည်နှင့်အမျှGDP တိုးတက်မှု၊ အလုပ် အကိုင်တိုးတက်မှု၊ ထုတ်လုပ်နိုင်မှုစွမ်းအား မြင့်မားလာမှုတို့က တိုင်းပြည် စီးပွားရေးကို ကောင်းစွာအကျိုးသက်ရောက်စေမည်ဖြစ်ပါကြောင်း၊ တိုင်းပြည်၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေရန်အတွက် အဆိုကို အတည်ပြုပေးနိုင်ပါရန် ဆွေးနွေးသည်။
အလားတူ ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့် ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်တို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက အဆိုအပေါ် အပိုင်း၂ ပိုင်းခွဲ၍ တင်ပြလိုပါကြောင်း၊ ဌာနဆိုင်ရာ များ၏ ငွေပေးရေးကိစ္စကို မိုဘိုင်းတွင် ပေးချေမှုစနစ်ဖြင့် ဆောင်ရွက်ရန်နှင့် ပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချေးငွေပတ်သက်သူများက Mobile Payment နှင့် စပ်လျဉ်း၍ ကျယ်ပြန့်စွာ သုံးစွဲရန်တို့ဖြစ်ပါကြောင်း၊ ဗဟိုဘဏ် အနေဖြင့် Mobile Payment နှင့် စပ်လျဉ်း၍ ပုံစံ နှစ်မျိုးနှင့် ခွင့်ပြုထားပါ ကြောင်း၊ ဘဏ်များအနေဖြင့် မိုဘိုင်းဘဏ်လုပ်ငန်းကို ဆောင်ရွက်နိုင်သည်ဟု ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင်Mobile Bankingဟု စည်းမျဉ်းစည်းကမ်းထုတ်ပြန်ခဲ့ပါကြောင်း၊ ဘဏ်များက ဦးဆောင်သည့် ပုံစံဟု ခေါ်ဆိုနိုင်ပါ ကြောင်း၊ Mobile Payment ကို အသုံးပြုလိုသည့်လူသည် ဘဏ်တွင် ငွေစာရင်းထားရှိမှုလိုပါကြောင်း၊ မိုဘိုင်းငွေရေးကြေးရေး ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များသည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း(MFS)ကို ဆောင်ရွက်နိုင်သည်ဟု ၂ဝ၁၆ ခုနှစ် မတ် ၃ဝ ရက်တွင် ညွှန်ကြားချက်ထုတ်ပြန်ခဲ့ ပါကြောင်း၊ ယင်းလုပ်ငန်းကို အဓိကထားလုပ်ဆောင်သည့်သူများသည် ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများဖြစ်ပါကြောင်း၊ ဘဏ်မဟုတ်သည့် အဖွဲ့ အစည်
းများသည် ပထမဆုံး တယ်လီကွန်းကုမ္ပဏီများဖြစ်ပါကြောင်း၊ Mobile Bankingဆောင်ရွက်အသုံးပြုသည့် ဘဏ်သည် ကိုးခုရှိပါကြောင်း၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း (MFS) အဖွဲ့အစည်းအောက်တွင် တယ်လီနောနှင့် အူရီဒူးတို့ဖြစ်ပါကြောင်း၊ MPT နှင့် Mytelတို့မှလည်း လျှောက်ထားလာမှုများရှိနေပါကြောင်း၊ Okဒေါ်လာ ပုဂ္ဂလိကလုပ်ငန်းကိုလည်း ခွင့်ပြုထားပါကြောင်း။
Mobile Banking၏ ခက်ခဲမှုအနေဖြင့် ငွေလွှဲပြောင်းမည့်သူသည် ဘဏ်အကောင့်ရှိရန်လိုအပ်ပါကြောင်း၊ ဘဏ်ခွဲများကိုလည်း နေရာတိုင်းတွင် မဖွင့်နိုင်ပါကြောင်း၊ မြို့ပြများတွင် ဘဏ်ခွဲများရှိသော်လည်း ကျေးလက်ဒေသများ ကို မရောက်နိုင်သည့်အခြေအနေတွင် နယ်များ၊ ကျေးလက်ဒေသများစသည့် ဝေးကွာသည့်နေရာမှ သူများ သုံးစွဲနိုင်ခြင်းမရှိပါကြောင်း၊ Mobile Banking ကို သေးငယ်သည့် ငွေပမာဏအပေးအယူများတွင် ဦးစားပေး၍ ဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ Mobile Banking၏ သဘောသဘာဝသည် ပမာဏ ကြီးမားသည့် ငွေများကို လွှဲပြောင်းပေးရန် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် အစိုးရဌာနအချင်းချင်း ငွေလွှဲပြောင်းပေးမှု လုပ်ဆောင်ရန်မှာ များစွာပြင်ဆင် ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတိုင်းအတာမှ လုပ်ပေးနိုင် သည်မှာMobileလုပ်ငန်းလုပ်ကိုင်လိုသူများကို ခွင့်ပြုပေးခြင်း၊ လိုက်နာရ မည့် စည်းကမ်းများကို ချမှတ်ပေးခြင်းတို့ကို တိုးတက်လာအောင် လုပ်ပေးနိုင်ပါ ကြောင်း၊ အဆိုနှင့်ပတ်သက်၍ လွှတ်တော်အနေဖြင့် မှတ်တမ်းတင်သည့် အဆင့်သာထားရှိသင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာသည်။
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းပြင်ဆင်ချက် လွှတ်တော်က သဘောတူ
ယင်းနောက် သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး တင်သွင်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုပေးနိုင်ရန် ပြင်ဆင်ချက်အဆိုကို ဥပဒေကြမ်းကော်မတီဝင်က ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(၁၂)ရက် မြောက်နေ့ကို ဇွန် ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment