Tuesday, June 5, 2018

မြဂနိုင် ရုပ်ရှင်ဇာတ်ကား ယူနက်စကိုစာရင်းဝင် အမွေအနှစ်အဖြစ် ကြိုးပမ်းမှုအောင်မြင်

Image may contain: 2 people
နေပြည်တော် ဇွန် ၎
မှတ်တမ်းအမွေအနှစ်ဆိုင်ရာ အာရှ-ပစိဖိတ်ကော်မတီအစည်းအဝေးကို ကိုရီးယားသမ္မတနိုင်ငံ ဂွမ်ဂျူမြို့၌ ကျင်းပလျက်ရှိရာ ၁၉၃၄ ခုနှစ်က မြန်မာနိုင်ငံမှ ရိုက်ကူးပြသခဲ့သည့် ရှေးဟောင်းမြန်မာ့ရုပ်ရှင် မြဂနိုင်ဇာတ်ကားမှာ ယူနက်စကိုစာရင်းဝင်(ဒေသအဆင့်)ရခဲ့ကြောင်း မြန်မာနိုင်ငံမှ ယူနက်စကို အမျိုးသားကော်မရှင် အတွင်းရေးမှူးချုပ်အဖြစ် တက်ရောက်ခဲ့သည့် ဦးကြည်ရွှင် က ထုတ်ဖော်ပြောကြားခဲ့သည်။
''မြန်မာနိုင်ငံမှာ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ နိုင်ငံအဆင့်ကော်မတီ ဖွဲ့စည်းနိုင်ဖို့ စတင်တာဝန်ယူစဉ်ကတည်းက ဆက်တိုက်ကြိုးပမ်းလာခဲ့ရာမှာ အခုတော့ မကြာခင်ပေါ်ပေါက်လာပါတော့မယ်။ မြန်မာနိုင်ငံရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို တင်ပြဖို့နဲ့ အနာဂတ်အစီအစဉ်တွေအတွက် လာရောက် ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ ကြိုတင်မစီစဉ်ခဲ့တဲ့ ကိစ္စရပ်နှစ်ခုကို မမျှော်လင့်ဘဲ ဆောင်ရွက်လိုက်ရပါတယ်''ဟု ဦးကြည်ရွှင်၏လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။
ဆက်လက်၍ ''တင်ပြချက်တစ်ခုကိုလုပ်ဖို့ ကြိုတင်ပြင်ဆင်ရတယ်ဆိုတာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ ပြီးတော့ ကြိုတင်လည်း သိမထားပါဘူး။ စာရင်းသွင်းဖို့ ဆောင်ရွက်နေတာတော့ သိပြီးသားပါ။ ကြိုတင်သိနိုင်မယ်ဆိုရင် မြဂနိုင်ဇာတ်ကားကို ယူနက်စကိုစာရင်းဝင်ဖို့ ကြိုးစားနေတဲ့ မောင်ဥက္ကာ (ဒါရိုက်တာ မောင်ဝဏ္ဏ၏သား)ကို ကျွန်တော်ဆက်သွယ်စီစဉ်နိုင်သလို ကျောက်စာအတွက်လည်း ရှေးဟောင်းသုတေသနဌာနနဲ့အတူ စီစဉ်ရင် ဖြစ်ပါတယ်။ တကယ်တမ်းစပြီး တင်ပြရမယ့်အချိန်မှာ ကိုယ့်ပြိုင်ဘက်နိုင်ငံတွေရဲ့ လုပ်ဆောင်မှုတွေကြောင့် မရတော့ပါဘူးဆိုပြီး စိတ်အားပျက်ရပြန်ပါတယ်။ တစ်ဖက်နိုင်ငံတွေရဲ့ တင်ပြမှုတွေဟာ အလွန်ပရော်ဖက်ရှင်နယ်ဆန်ပါတယ်။ စာအုပ်တွေပုံနှိပ်ပြီး ဝေကြပါတယ်။ မှတ်တမ်းပုံစံတူတွေသယ်လာပြီး ပိတ်ကား လိပ်တွေနဲ့ပြကြပါတယ်''ဟု ပြောသည်။ ဆက်လက်၍ ''ဒါပေမယ့်လည်း မဲပေး ရွေးချယ်ကြတဲ့ ကော်မတီလူကြီးတွေရဲ့ ပညာအတိမ်အနက်နဲ့ သမာဓိအင်အားများကြောင့် စာရွက်ပင်မဝေနိုင်တဲ့ မြန်မာမှတ်တမ်းအမွေအနှစ် နှစ်ခုစလုံးဟာ ယူနက်စကိုစာရင်းဝင်(ဒေသအဆင့်)ဖြစ်ခဲ့ရပြီး လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုတွေကို ရနိုင်တော့မှာဖြစ်ပါတယ်''ဟု အသိပေးခဲ့သည်။
မြဂနိုင်မြန်မာရုပ်ရှင်ဇာတ်ကားကို ၁၉၃၄ ခုနှစ်က ဒါရိုက်တာ ဦးတင်မောင် ရိုက်ကူးခဲ့ပြီး သရုပ်ဆောင် မင်းသား ချစ်ရွှေ၊ မင်းသမီး မြင့်မြင့်တို့က အဓိကပါဝင် သရုပ်ဆောင်ထားကာ ထင်ရှားကျော်ကြားသည့် ခေတ်ဟောင်းရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်သည်။ မြဂနိုင်ဇာတ်ကားနှင့်အတူ မြောက်ဦးမြို့ရှိ ရှေးဟောင်း ကျောက်စာဖြစ်သည့် အာနန္ဒာစန္ဒြကျောက်စာလည်း ဒေသအဆင့် ယူနက်စကိုမှတ်တမ်းအမွေအနှစ်အဖြစ် စာရင်းဝင်သွားကြောင်း သိရသည်။
ဇာဏီ

No comments:

Post a Comment