Monday, June 4, 2018

ရန်ကုန်-ဒလ မြစ်ကူးတံတား အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ပြည်သူများနှင့် ဆွေးနွေး


Image may contain: sky, cloud, bridge and outdoor
ရန်ကုန် ဇွန် ၃
ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလ မြစ်ကူး တံတားကြီး အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက် ပေးနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကသွယ်ရပ်ကွက် မဟာသုမနာရာမကျောင်းတိုက်၌ ကျင်းပသည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတား တည်ဆောက်မည့်အစီအစဉ် နှောင့်နှေးကြန့်ကြာမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ သိရှိလိုသည့် အကြောင်း အရာများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိန်မြအေးက ရှင်းလင်းပြောကြားခဲ့ရာ '' ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားကို ၂ဝ၁၅ ခုနှစ် မေ ၁၉ ရက် တွင် နိုင်ငံတော်သမ္မတက ဒလတံတား တည်ဆောက်ရေး စီမံကိန်းကို ကိုရီးယား EDCF ချေးငွေရရှိမှု အကောင် အထည်ဖော်ဆောင်ရွက်ရန် အဆိုပြုမှုအား ပြည်ထောင်စု လွှတ်တော်သို့ပေးပို့ခဲ့ရာ ၂ဝ၁၅ ခုနှစ် မေ ၂၈ ရက်တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ၅၁ ရက် မြောက်နေ့၌ ဒလတံတားတည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားEDCF ချေးငွေရယူ၍ အကောင်အထည် ဖော်ဆောင်ရွက်ရန်
အတည်ပြုခွင့်ပြုခဲ့ကြောင်း၊ ထို့အတူ တံတားတည်ဆောက်ခြင်းနှင့်ကြီးကြပ် ခြင်း လုပ်ငန်းများကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် စတင်ပြီး ၂ဝ၂၁ ခုနှစ် အတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မေ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် ပုဂ္ဂလိကဆိပ်ကမ်း လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး၍ ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာများမှ ရန်ကုန်-ဒလ မြစ်ကူးတံတားကို မူလကအသေးစိတ် ရေးဆွဲထားသော တံတားဒီဇိုင်းနှင့် အမြင့်ပေ ၄၉ မီတာဖြင့် တည်ဆောက်ရန် အတည်ပြု ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း'' ၄င်းက ပြောသည်။
ဒေသဖွံ့ဖြိုးတိုးတက်စေရေး
''မိမိတို့ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများနှင့် ဧရာဝတီ တိုင်းဒေသများမှ ပြည်သူများစွာတို့၏ ဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှု စီးပွားဖွံ့ဖြိုးရေးအတွက် ကြီးမားသော အထောက်အကူဖြစ်ထွန်းစေမည့် ရန်ကုန်-ဒလမြစ်ကူး တံတားစီမံကိန်းလုပ်ငန်းများကို အမြန်ဆုံး အကောင် အထည်ဖော်နိုင်ရေးအတွက် ဒေသခံပြည်သူများ၏ ဆန္ဒသည် အရေးကြီး ကြောင်းနှင့် အများပြည်သူလိုချင်သည့် ဆန္ဒများကို တားခွင့်မရှိကြောင်းနှင့် (ဒလ) တံတားကြီး တည်ဆောက်ရေး နှောင့်နှေးကြန့်ကြာနေခြင်းကြောင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေရကြောင်း၊ ပြည်သူများ၏ ဆန္ဒကို အကောင်အထည်ဖော်ရာတွင် အစိုးရမှာတာဝန်ရှိကြောင်း'' ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ဆက်လက်ပြောကြားခဲ့ သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်တို့က ဒလတံတား တည်ဆောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံပြည်သူများ သိရှိနိုင်ရန် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဒလမြို့နယ်မှ ဦးအောင်ကျော်မြင့်က ''ကျွန်တော်တို့ ဒလမြို့နယ် ဒေသခံ ပြည်သူတွေအနေနဲ့ မြစ်ကူးတံတားကြီးကို အမြန်ဆုံးအကောင်အထည်ဖော် ပေးစေချင်ပါတယ်၊ တံတားဧရိယာနဲ့ မလွတ်ကင်းတဲ့ နေအိမ်တွေ၊ ဈေးဆိုင်ခန်း တွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်နာရေးကူညီမှုအသင်းရုံး၊ စာသင်ကျောင်းတွေ၊ သာသနိကအဆောက်အအုံတွေ၊ အောင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုပါ ပြောင်းရွှေ့နေပါတယ်၊ စက်တပ်သမ္ဗန် ကူးတို့ဆိပ် အသစ်ကိုလည်း တည်ဆောက်နေပြီး တံတားထိုးမယ့် လမ်းဧရိယာတစ်လျှောက် ဖျက်သိမ်းပြောင်းရွှေ့နေပြီး တံတားကြီး အမြန်ဆုံးတည်ဆောက်ပေးဖို့ မျှော်လင့်နေပါတယ်၊ နိုင်ငံတော်အစိုးရက ပြည်သူတွေအားလုံးရဲ့ ဆန္ဒတွေ ပြည့်ဝစေဖို့၊ အကောင်အထည်ဖော်နိုင်ဖို့ ကူညီပေးကြပါလို့ ပြောချင်ပါတယ်၊ ကျေးဇူးတင်ပါတယ်'' ဟု ပြောသည်။
ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းနိုင်
ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူး တံတားအမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတား(Cable Stayed Bridge)၊ တံတားခံနိုင်ဝန် ယာဉ် တစ်စီးချင်း ၇၅ တန်၊ စုစုပေါင်းတံတားအရှည် ၆၁၄၄ ပေ၊ ပင်မတံတားအရှည် ၁၉၃၆ ပေ၊ ချဉ်းကပ်တံတား(ရန်ကုန်ဘက်ကမ်း) ၂ဝ၂၆ ပေ၊ ချဉ်းကပ်တံတား (ဒလဘက်ကမ်း) ၂၁၈၂ ပေ၊ ပင်မတံတား အကျယ်(လေးလမ်းသွား) ၈၇ ပေ၊ ချဉ်းကပ်တံတား အကျယ်(ရန်ကုန်ဘက်ကမ်း) ၄၇ ပေ၊ ချဉ်းကပ်တံတားအကျယ် (ဒလဘက်ကမ်း) ၆၈ ပေ၊ ဆင်ခြေလျှော တံတားများအကျယ်(တစ်လမ်းသွား) ၂၃ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ ၊ ရေလမ်းကင်းလွတ် အကျယ် မီတာ ၃၇ဝ နှင့် Dead weight tonnage(DWT)တန်ချိန် ၁၅ဝဝဝ ပင်လယ်ကူးသင်္ဘောကြီးများ ဖြတ်သန်းသွားလာနိုင်ကြောင်း သိရသည်။
အဆိုပါ ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလမြစ်ကူးတံတားကြီးကို ကိုရီးယားနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရ ထည့်ဝင်ငွေ ဒေါ်လာသန်း ၃ဝ ဒသမ ၃၄၁သန်း စုစုပေါင်း ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃သန်း ကုန်ကျမည်ဖြစ်ပြီး ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းကို ဆက်သွယ်တည်ဆောက်သွားမည့် လမ်းအူကြောင်းမှာ ထိခိုက်မှုအနည်းဆုံး လမ်းကြောင်းအဖြစ် ရွေးချယ်တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုဂ္ဂလိကပိုင် ကူးတို့သမ္ဗန်ဆိပ် ခြောက်ခုရှိရာ ကမာအောင် ကူးတို့ဆိပ်အစင်း ၁၈ဝ၊ ရေကန်ကူးတို့ဆိပ် ၂၂ စင်း၊ တံလျှပ်ကူးတို့ဆိပ် ၄၆ စင်း၊ ဆာပါချောင် ကူးတို့ဆိပ် ၄၁ စင်း၊ ကျောင်းစု (စက်မြေ)ကူးတို့ဆိပ် ၂၂ စင်း၊ ကျောင်းစု(လက်/ခပ်) ကူးတို့ဆိပ်အစင်း ၂ဝ၊ စုစုပေါင်း ၃၃၁ စင်းရှိပြီး သမဝါယမအသင်းပိုင် ကူးတို့သမ္ဗန်ဆိပ် ငါးဆိပ်၌ သမ္မတကမ်းခြေကူးတို့ဆိပ် ၃၄ စင်း၊ ကမာကသွယ် ကူးတို့ဆိပ်အစင်း ၃ဝ၊ ကမာကဆစ်ကူးတို့ဆိပ် ၄၁ စင်း၊ စက်မြေကူးတို့ဆိပ် ၃၁ စင်း၊ မှော်စက် ကူးတို့ဆိပ် ၃၁ စင်း၊ စုစုပေါင်း ၁၆၇ စင်းရှိပြီး ဒလမြို့နယ်တွင် စက်တပ်သမ္ဗန် စုစုပေါင်း ၄၉၈ စင်းနှင့် ကုန်တင်အစင်း ၂ဝ ရှိကြောင်း၊ နေ့စဉ် စက်တပ်သမ္ဗန် ကူးတို့ဆိပ်၌ သွားလာကြသော ခရီးသည်များနှင့် ဒလ-ပန်းဆိုးတန်း သင်္ဘော ဆိပ်ကမ်းမှ ပို့ဆောင်ပေးလျက်ရှိသော ချယ်ရီ(၁)၊ ချယ်ရီ(၂)၊ ချယ်ရီ(၃) တို့ဖြင့် ဒေသခံပြည်သူများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးမှ သွားလာကြသော ခရီးသွားပြည်သူပေါင်း တစ်သိန်း နီးပါး ရှိကြောင်း၊ မြစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် လှိုင်းကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်း၊ စက်ပစ္စည်းချွတ်ယွင်းခြင်းတို့ ကြောင့် မကြာခဏဖြစ်ပွားနေသော စက်သမ္ဗန်များ တိမ်းမှောက်မှု၊ နစ်မြုပ်မှု တို့ကြောင့် လူ့အသက်များ ဆုံးရှုံးလျက်ရှိကြောင်း သိရသည်။
အမြန်ဆုံးအကောင်အထည်ဖော်
ရန်ကုန်မြို့နှင့် ဒလမြို့နယ်သို့ ဆက်သွယ်တည်ဆောက်သွားမည့် မြစ်ကူး တံတားကြီး အမြန်ဆုံး အကောင်အထည်ဖော်တည်ဆောက်ပါက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းဒေသများနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများစွာ တို့၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်၏ ကုန်ထုတ်စွမ်းအားများလည်း တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ဒီမိုကရေစီအစိုးရ၏ အင်္ဂါရပ်များနှင့်အညီ ပြည်သူများစွာတို့၏ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျစေရန်၊ မြစ်အတွင်း မကြာခဏဖြစ်ပွားနေသော စက်သမ္ဗန်များ တိမ်းမှောက်မှု၊ နစ်မြုပ်မှုတို့ကြောင့် လူ့အသက်များ ဆုံးရှုံးမှု မဖြစ်ပေါ်နိုင်ရေး ပြည်သူများစွာတို့၏ အသက် အန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် တံတားကြီး အမြန်ဆုံးတည်ဆောက်မှ ပြည်သူအားလုံးရဲ့ ဆန္ဒတွေ၊ လုံခြုံမှုတွေ ပြည့်ဝလာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြစ်ကို ဖြတ်ကျော်မည့် တံတားတစ်စင်းသည် လိုအပ်ကြောင်းနှင့် ဒလမြစ်ကူးတံတားကြီးကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေး နိုင်ရန် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများက မျှော်လင့်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းနှင့်ဓာတ်ပုံ-နိုင်လင်းကျော်(ဒလ)

No comments:

Post a Comment