
မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများသည် နွားထိုးကြီးမြို့နယ်အတွင်း ကွင်းဆင်းလေ့လာရန် ယနေ့မွန်းလွဲပိုင်းက နွားထိုးကြီးမြို့သို့ ရောက်ရှိလာကြသည်။
အဆိုပါအဖွဲ့ကို ပါမောက္ခ ဒေါက်တာအောင်အောင် ဦးစီးပြီး မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်မှ ပဉ္စမနှစ် ကျောင်းသား ကျောင်းသူ ၂၆၄ ဦး၊ ကြီးကြပ်သူ ဆရာ ဆရာမ ၂၄ ဦးတို့ဖြင့် စုဖွဲ့၍လာရောက်ခြင်း ဖြစ်ကြောင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ညောင်ပင်၊ ခက်လန်း၊ ဇီးတော၊ လက်ပန်၊ ခံစပ် ကုန်း၊ ဒေါင့်ဘိုး၊ ဖလံကုန်း၊ အောင်ပန်းကုန်း၊ ဝက်လူး၊ ပဲချက်၊ တောဇောက်၊ မြဝတီကျေးရွာ ၁၂ ရွာတွင် အဖွဲ့ ၁၂ ဖွဲ့ခွဲကာ ယနေ့မှစ၍ ဇွန် ၂၆ ရက်အထိ ငါးရက်ကြာ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ နှင်းရည်စိုးက ပြောကြား သည်။
ထိုသို့ ကွင်းဆင်းလေ့လာရာတွင် တိရစ္ဆာန်များကို ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများအပြင် ပညာပေးဟောပြောခြင်းနှင့် လူမှု စီးပွား အချက်အလက်ကောက်ယူခြင်းများလည်း ဆောင်ရွက်ကြမည်ဖြစ် ကြောင်း သိရသည်။
ဇော်မင်းနိုင် (မြင်းခြံ)
No comments:
Post a Comment