Saturday, June 2, 2018

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ



Image may contain: 1 person, sitting and child
နေပြည်တော် ဇွန် ၁
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန်အစည်း အဝေး ဒသမနေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အစီရင်ခံစာနှစ်ခု ဖတ်ကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်းအတွင်း
ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ဆောင်ရွက်မည်
ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနိုင်ကိုကို၏ မန္တလေး- တကောင်း-ဗန်းမော်-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးအတွင်း ကျန်ရှိနေ သော ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်၊ မဘိမ်းမြို့နယ်အတွင်းရှိ အရှည်မိုင် ၃ဝ၊ ၄ ဖာလုံလမ်းပိုင်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဖောက်လုပ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မန္တလေး -တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း၏ ထီးချိုင့်မြို့နယ်၊ ကသာမြို့နယ်နှင့် မဘိမ်းမြို့နယ်အပိုင်းသည် မိုင်တိုင်အမှတ်(၆ဝ/၃)မှ (၁၁၉/ဝ) အထိ ၅၈ မိုင် ၅ ဖာလုံ ရှည်လျားပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်ပါ ကြောင်း၊ ၂ဝ၁၈ခုနှစ် မတ် ၃၁ရက်အထိ လမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂၉ မိုင် ၃ ဒသမ ၃၅ ဖာလုံ၊ ကျောက်လမ်း ၂၉ မိုင် ၁ ဒသမ ၆၅ ဖာလုံ စုစုပေါင်း ၅၈ မိုင် ၅ ဖာလုံဖြစ်ပါကြောင်း။
မန္တလေး-တကောင်း-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင်အမှတ် (၈၅/ဝ) နှင့် (၁၂ဝ/ဝ)အတွင်း ၃၅ မိုင် အရှည် ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဆင့် တိုးမြှင့်ဖောက်လုပ်ရန်အတွက်International Project Management အစီ အစဉ်အတိုင်ီးDetail Design Review ပြုလုပ်ခြင်း၊ Bidding Document များ ပြင်ဆင်ခြင်း၊Technical Evaluation ပြုလုပ်ခြင်း၊Price Bid Opening ပြုလုပ်ခြင်းစသည့် လုပ်ငန်းများကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA) ODA Loan ချေးငွေဖြင့် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
လမ်းနယ်နိမိတ်မှတ်တိုင်များ တိုင်းတာစိုက်ထူရန် ပြည်သူ လူထုသို့ ထပ်မံချပြ ရှင်းလင်းဆောင်ရွက်ပေးသွားမည်
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၏ ကရင် ပြည်နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်း၊ ကျေးရွာချင်း ဆက်လမ်း နယ်နိမိတ်များအား အများပြည်သူသိရှိပြီး ဥပဒေချိုးဖောက်မှုများ လျော့နည်းလာစေရန် ဥပဒေ၊ နည်းဥပဒေများ အခါအားလျော်စွာ ထုတ်ပြန် သည့်အမိန့်၊ ညွှန်ကြားစာများအား အများပြည်သူသို့ အသိပညာပေး ရှင်းလင်း ခြင်းများပြုလုပ်ပြီး လမ်းနယ်နိမိတ်မှတ်တိုင်များ တိုင်းတာစိုက်ထူပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်ထောင်စုလမ်း ၁၄ လမ်းနှင့် ပြည်နယ်လမ်း ၃၂ လမ်း စုစုပေါင်း ၄၆ လမ်းကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ကရင် ပြည်နယ်အတွင်းရှိ ခရိုင်ချင်းဆက်လမ်း၊ မြို့နယ်ချင်းဆက်လမ်း၊ ကျေးရွာချင်း ဆက်လမ်းနယ်နိမိတ်များအား အများပြည်သူသိရှိနိုင်စေရန်နှင့် လမ်းဧရိယာ ပေါ်တွင် ကျူးကျော်နေထိုင်မှုများ၊ ဥပဒေချိုးဖောက်မှုများ လျော့နည်းလာစေရန် အတွက် လမ်းနယ်နိမိတ်သတ်မှတ်ချက်နှင့် လမ်းအဆင့်အတန်း သတ်မှတ် ချက်များကို ဒေသန္တရအမိန့် ထုတ်ပြန်ထားရှိပြီး ¤င်းဒေသန္တရအမိန့်များကိုလည်း ၂ဝ၁၄ ခုနှစ်တွင် ခရိုင်လေးခုဖြစ်သည့် ဘားအံ၊ ကော့ကရိတ်၊ ဖာပွန်နှင့်မြဝတီ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ပေးပို့၍ ¤င်းတို့မှတစ်ဆင့်ဖြန့်ဝေ အသိပေးထားပြီး ဖြစ်ပါကြောင်း။
ထို့အပြင် သက်ဆိုင်ရာ လမ်းပိုင်းအလိုက် လမ်းနယ်နိမိတ်မှတ်တိုင်များ စိုက်ထူခြင်းနှင့် လမ်းအမည်၊ လမ်းအဆင့်အတန်း၊ လမ်းနယ်အကျယ်တို့ကို ဖော်ပြ၍ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဝင်ရောက်ပါက လမ်းမကြီးများ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် ဗီနိုင်းဆိုင်း ဘုတ်များ စိုက်ထူခြင်းတို့ကိုလည်း ဆောင်ရွက်ထားရှိပါကြောင်း၊ လမ်းနယ်နိမိတ် သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ အများပြည်သူများ ပိုမိုသိရှိနိုင်စေရန်အတွက် လမ်းနယ်နိမိတ်မှတ်တိုင်များကို ထပ်မံစိုက်ထူပေးသွားမည်ဖြစ်ပါကြောင်း၊ လမ်းနယ်နိမိတ်အတွင်း အဆောက်အအုံများ ကျူးကျော်ဆောက်လုပ်မှု မရှိစေ ရေးအတွက် အသိပညာပေးလုပ်ငန်း တစ်ရပ်အနေဖြင့် ကရင်ပြည်နယ်အတွင်းရှိ ခရိုင်လေးခုတွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် လမ်းဦးစီး ဌာနတို့ ပူးပေါင်း၍ ၂ဝ၁၈ ခုနှစ် ဇူလိုင်လအတွင်း လမ်းနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို ပြည်သူလူထုသို့ ထပ်မံချပြ ရှင်းလင်းခြင်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
အလားတူ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၊ ရခိုင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးရှန်အောရ်နှင့် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဆက်လက်ရှင်း လင်းဖြေကြားခဲ့သည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသား လွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက် ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ယင်းပြင်ဆင်ချက်ကိုဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင် ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန် ငိုက်မန်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း သည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ဖတ်ကြားရှင်းလင်း
ဆက်လက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင်က အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းရာတွင် ကော်မတီသည် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁ဝ)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့် ညှိနှိုင်းဆွေးနွေးခဲ့ရာတွင် ဥပဒေကြမ်းကော်မတီ၏ မူလပြင်ဆင်ချက်များအတိုင်းဆက်လက်ထားရှိသင့်ပါကြောင်း ညှိနှိုင်းသဘော တူညီမှုရရှိခဲ့ကြပါကြောင်း၊ ကော်မတီသည် ယင်းဥပဒေကြမ်းအပေါ် အကြံပြု ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အမျိုး သားလွှတ်တော် ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာကော်မတီ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှ ပညာရှင်များနှင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ပါသဖြင့် ဥပဒေကြမ်းကော်မတီ၏ မူလ ပြင်ဆင်ချက်များအတိုင်း အမျိုးသားလွှတ်တော်က ဆက်လက်အတည်ပြုဆောင် ရွက်နိုင်ပါရန် အစီရင်ခံတင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား တစ်ပိုဒ် ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ် ရယူအတည်ပြုသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက ယင်းဥပဒေကြမ်း အား အတည်ပြုရန် အဆိုတင်သွင်းရာ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးဥက္ကာမင်းက ထောက်ခံသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းအား အတည် ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြု ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ဇွန် ၄ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment