Saturday, June 2, 2018

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ

Image may contain: one or more people
နေပြည်တော် ဇွန် ၁
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေ ကြမ်းတစ်ရပ်လုံးကို လွှတ်တော်က သဘောတူ အတည်ပြုလိုက်သည်။
အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း ခြောက်ခုကို တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တို့က ရှင်းလင်းဖြေကြားကြသည်။
နေ့ထူး နေ့မြတ် နေ့ရက်များအား သက်ဆိုင်ရာဒေသများ အတွင်း တရားဝင်ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ရန်မရှိ
မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ ပြည်နယ်တစ်ခု၏ ပြည်နယ်နေ့၊ ပြည်နယ် တစ်ခုအတွင်းရှိ လူမျိုးကိုအခြေခံသော အမျိုးသားနေ့၊ နှစ်သစ်ကူးနေ့ စသည့် အထင်ကရ နေ့ထူးနေ့မြတ်နေ့ရက်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ¤င်းတို့နှင့် သက်ဆိုင်သော အထင်ကရ နေ့ထူး နေ့မြတ် နေ့ရက်များအား သက်ဆိုင်ရာဒေသများအတွင်း တရားဝင်ရုံးပိတ်ရက် များအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တွင် တရားဝင်(ပြန်တမ်းဝင်) ရုံးပိတ်ရက်များစာရင်းကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးက နှစ်စဉ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအရ မြန်မာ့နှစ်သစ်ကူး ရုံးပိတ်ရက်များအပါ အဝင် တစ်နှစ်လျှင် ပြန်တမ်းဝင်ရုံးပိတ်ရက် ပျမ်းမျှ ၂၆ ရက်ခန့်ရှိပါကြောင်း၊ ထို့အပြင် ရက်သတ္တပတ်တိုင်း၏ စနေနေ့နှင့် တနင်္ဂနွေနေ့များကို ရုံးပိတ်ရက် အဖြစ် သတ်မှတ်ထားသည့်အတွက် တစ်နှစ်လျှင် ပျမ်းမျှ ရုံးပိတ်ရက်ပေါင်း ၁၃ဝ ခန့်ရှိပါကြောင်း။
မြန်မာနိုင်ငံတွင် ပြည်နယ် ခုနစ်ခုရှိပြီး ပြည်နယ်နေ့များကို ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပါက ပြည်နယ်အလိုက် ရုံးပိတ်ရက်များ တစ်ရက်စီ တိုးလာ မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် လူမျိုးစု ၁ဝဝ ကျော်ရှိသည့်အတွက် ¤င်း လူမျိုးစုတစ်ခုချင်းစီ၏ နှစ်သစ်ကူးနေ့နှင့် အမျိုးသားနေ့များကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပါက ရုံးပိတ်ရက်များ အလွန်များပြားသွားနိုင်မည်ဖြစ်ပါကြောင်း၊ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြဋ္ဌာန်းခဲ့သော တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေအခန်း(၃) အပိုဒ် ၄ (ဂ)တွင် တိုင်းရင်းသားလူမျိုးများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းအရဆောင်ရွက်သော အခမ်းအနားများနှင့် နေ့ထူးနေ့မြတ်များကို လွတ်လပ်စွာ ကျင်းပခွင့်ရှိသည်ဟု ဖော်ပြပါရှိပါကြောင်း၊ ထို့ကြောင့် တိုင်းရင်း သားများသည် ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ အမျိုးသားနေ့များတွင် ဓလေ့ထုံးစံအရ ကျင်းပသည့် နှစ်သစ်ကူးနေ့များကို အဆိုပါဥပဒေနှင့်အညီ ကျင်းပဆောင်ရွက်ခွင့်ရှိပါကြောင်း။
ရုံးဖွင့်ရက်များတွင် ပြည်သူတို့အတွက် ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန် ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း တို့ကို ဆောင်ရွက်ရသည့်အတွက် ရုံးပိတ်ရက်များလာပါက ပြည်သူတို့အကျိုး ကို ဆောင်ရွက်ပေးနိုင်မည့်အချိန် လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ယခု အချိန်အခါတွင် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေရန် အားလုံးအရှိန်အဟုန်ဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိရာ ရုံးပိတ်ရက်များလာပါက ဖွံ့ဖြိုးတိုးတက်ရေးကို အနည်းနှင့်အများ ထိခိုက်မှုရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ပြည်နယ်များ၏ ပြည်နယ်နေ့များ၊ တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်များကို ရုံးပိတ်ရက် အဖြစ်သတ်မှတ်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဆုံးဖြတ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ က စဉ်းစားဆောင်ရွက်ရမည့် အကြောင်းအရာဖြစ်ပါသဖြင့် ပြည်ထောင်စုအစိုးရ က သတ်မှတ်ပေးရန်မရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
မုံရွာမြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက်
နှစ်အလိုက်ရန်ပုံငွေ လျာထားဆောင်ရွက်လျက်ရှိ
မုံရွာမဲဆန္ဒနယ်မှ ဦးညွန့်အောင်၏ မုံရွာမြို့ စည်ပင်သာယာနယ်နိမိတ် အတွင်းတွင် ရေမြောင်းစနစ် စနစ်တကျဖြစ်စေရေးနှင့် ရေဆိုးထုတ်မြောင်းမ ကြီးများ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်းက မုံရွာမြို့တွင် ရေစီးရေလာကောင်းမွန်ရေး အတွက် နေရာတိုင်းတွင် တိုင်းတာတွက်ချက်ပြီး နှစ်အလိုက်ရန်ပုံငွေ လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
အိန္ဒိယအစိုးရထံမှ ရရှိမည့် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
မြောက်ဦး မဲဆန္ဒနယ်မှ ဦးဦးလှစော၏ အိန္ဒိယအစိုးရထံမှ ရရှိမည့် အမေရိကန် ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရကြားတွင် မည်သို့စီမံခန့်ခွဲကြမည်၊ ရခိုင်ပြည်နယ်၏ မည်သည့် ဒေသများတွင် သုံးစွဲမည်နှင့် ဒေသများရွေးချယ်ရာတွင် မည်သည့်စံနှုန်းများဖြင့် သတ်မှတ်မည်တို့ကို သိလိုခြင်း နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရတို့သည် ရခိုင်ပြည်နယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးခြင်းဖြင့် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုအား မြှင့်တင်နိုင်ရေးအတွက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂ဝ ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရကိုယ်စား အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးအတွင်းဝန်တို့က လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။
ပထမမေးခွန်းဖြစ်သည့် အိန္ဒိယအစိုးရထံမှ ရရှိမည့် အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့ငွေများကို ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရအကြား တွင် မည်သို့စီမံခန့်ခွဲကြမည်နှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ ၂ဝ၁၇ ခုနှစ် ဧပြီ ၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၅/ ၂ဝ၁၇ ဖြင့် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း ၏ အခန်း(၁၃) ထောက်ပံ့ငွေအပိုဒ် ၁၇၁ တွင် နိုင်ငံတော်မူဝါဒအရထောက်ပံ့ ငွေများ သုံးစွဲရာတွင် ထောက်ပံ့ငွေရရှိသည့် ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ငွေရငွေခေါင်းစဉ်အောက်တွင် ရငွေစာရင်းသွင်းပြီး အသုံးစရိတ်များ ကို သုံးစွဲရာတွင် သာမန်အသုံးစရိတ်အတွက်ဖြစ်ပါက သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်တွင် လည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြစ်ပါက ငွေလုံးငွေရင်းအသုံးစရိတ်ခေါင်းစဉ်အောက်တွင် လည်းကောင်း စာရင်းသွင်းရ မည်ဟု ဖော်ပြထားရှိရာ အိန္ဒိယအစိုးရမှ ထောက်ပံ့မည့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ကို ပြည်ထောင်စုဘတ်ဂျက်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ပြည်ပ အကူအညီရငွေ၊ ငွေလုံးငွေ
ရင်းရငွေ ပစ္စည်းခေါင်းစဉ်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို ရငွေအဖြစ်လည်း ကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ်၊ တည်ဆောက်ရေးခေါင်းစဉ်တွင် တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ငါးသန်းနှင့်ညီမျှသော မြန်မာကျပ်ငွေကို သုံးငွေ အဖြစ် လည်းကောင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစတင်၍ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ် ထည့်သွင်းလျာထား ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
ဒုတိယမေးခွန်းဖြစ်သည့် ရခိုင်ပြည်နယ်၏ မည်သည့်ဒေသများတွင် သုံးစွဲမည်နှင့် တတိယမေးခွန်းဖြစ်သည့် ဒေသများ ရွေးချယ်ရာတွင် မည်သည့် စံနှုန်းများဖြင့် သတ်မှတ်မည်နှင့် ပတ်သက်၍ စီမံကိန်းလုပ်ငန်းများ ရွေးချယ် ရာတွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့သည် ၂ဝ၁၈ ခုနှစ် ဧပြီလအတွင်းက လျာထားစီမံကိန်းများကို တင်ပြ ခဲ့ပါကြောင်း၊ ထိုသို့တင်ပြခဲ့ရာတွင် နားလည်မှုစာချွန်လွှာပါ စီမံကိန်းများ ရွေးချယ်မှုနှင့် အကောင်အထည်ဖော်မှု နည်းလမ်းများကို အခြေခံပြီး စီမံကိန်း များကို လျာထားပေးပို့ခဲ့ပါကြောင်း။
ထိုသို့ ပေးပို့ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးဌာန ငါးခုက စီမံကိန်းလုပ်ငန်း ၁၈ ခုအတွက် စုစုပေါင်းခန့်မှန်း အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းလုပ်ငန်း ၁ဝ ခုအတွက် စုစုပေါင်း ခန့်မှန်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၅ သန်းတို့ကို အဆိုပြုတင်ပြထားခဲ့ပါကြောင်း၊ ယခု တင်ပြချက်တန်ဖိုးများသည် ငါးနှစ်စာအတွက် ဖြစ်ပါကြောင်း၊ အဆိုပါ လျာထားစီမံကိန်းများနှင့် တန်ဖိုးများသည် အဆိုပြုထားခြင်းများသာဖြစ်ပြီး ထပ်မံညှိနှိုင်း အတည်ပြုရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအသီးသီးတို့မှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် လျာထား ဆောင်ရွက်လိုသည့် စီမံကိန်းများကို မိမိတို့ဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ရွေးချယ်အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယအစိုးရ၏ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၅ သန်းကို ရခိုင်ပြည်နယ်တွင် နေထိုင်ကြသော ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးရှိစေပြီး စီမံကိန်းလုပ်ငန်းများ ကို ရွေးချယ်ကာ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း ပြီး အကျိုးရှိစွာ စီမံခန့်ခွဲသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်း၊ ဆော့လော်မဲဆန္ဒနယ် မှ ဦးလာမာလေးနှင့် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်းတို့၏ မေးခွန်း များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းနှင့် ဒုတိယ ဝန်ကြီး ဦးစိုးအောင်တို့က ရှင်းလင်းဖြေကြားသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ
ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ်
အမြန်ရေးဆွဲရန် အဆိုတင်သွင်း
ထို့နောက် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန် ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းရာတွင် မြန်မာနိုင်ငံ၌ ကလေးသူငယ်များအပေါ် ကျူးလွန်နေကြသည့် ပြစ်မှုများကို လေ့လာကြည့်လျှင် ကျင့်ဝတ်သိက္ခာအရနှင့် ယဉ်ကျေးမှုအရပါ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ခြိမ်းခြောက်လာသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရပြီဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်။ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ယခုအချိန်တွင် ပြောင်းလဲလာသော ခေတ်အခြေအနေ အရ ကလေးသူငယ်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းနေမည့်အစား သေဒဏ်အထိ ပြစ်ဒဏ်ပေးနိုင်သည့် အထူးဥပဒေအသစ်တစ်ရပ် ပြန်လည်ရေးဆွဲပြဋ္ဌာန်းသင့် သည်ဟု ဥပဒေပညာရှင်များကလည်း ရေးသားပြောဆိုမှုများ ရှိနေကြပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂(က)တွင် မိခင်နှင့် ကလေးသူငယ်များ မိဘမဲ့ ကလေးများ၊ ကျဆုံးသော တပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူ များ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း။
ထို့အပြင် ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ် ရေးထိုးခဲ့သော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂအထွေထွေ ညီလာခံ သဘောတူညီချက်(စာချုပ်) အပိုဒ် ၃၄ တွင် ကလေးသူငယ်များအားလုံး သည် လိင်မှုကိစ္စဆိုင်ရာ စော်ကားညှဉ်းပန်းခြင်းမှ အကာအကွယ်ရပိုင်ခွင့်ရှိ သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ယင်းအချက်များကို ကာကွယ်စောင့်ရှောက် နိုင်ရန် လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် လိုအပ်နေပါကြောင်း၊ တည်ဆဲဥပဒေများနှင့် ကာကွယ်ရန် မလုံလောက်သည်ကို ပေါ်ပေါက်နေသည့် ဖြစ်စဉ်ဖြစ်ရပ်များက သက်သေပြနေပါကြောင်း။
ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ မြန်မာနိုင်ငံအစိုးရက လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ သဘောတူညီချက်များအရသော် လည်းကောင်း၊ အသက်ရှင်လျက်နှင့် ဘဝသေနေသည့် ကလေးများမဖြစ်စေရန် အတွက် မုဒိမ်းမှုကျူးလွန်သူများကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ထိုဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျရေးဆွဲပြဋ္ဌာန်းပေးရန် ရှင်းလင်းတင်ပြ သည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ လွှတ်တော် က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
ထို့နောက် ယင်းအဆိုအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသား လွှတ်တော်မှ ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော မြန်မာသမိုင်းအဖွဲ့ဥပဒေ ကြမ်းနှင့် စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တင်သွင်းသည့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင်က ပြင်ဆင်ချက်အဆိုတင်သွင်းပြီး မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းနှင့် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ သန်းအောင်စိုးတို့က ဆွေးနွေးကြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုပါဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် လွှတ်တော်၏ အဆုံး အဖြတ်ရယူပြီး လွှတ်တော်က သဘောတူအတည်ပြုကြောင်းနှင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၁) ရက် မြောက်နေ့ကို ဇွန် ၄ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment