Saturday, June 23, 2018

ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုရာမှ လူခြောက်ဦးထက်မနည်း သေဆုံး

Image may contain: sky, mountain, house, tree, outdoor and nature
ဖားကန့် ဇွန် ၂၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ယနေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်ဝမ်းရပ်ကွက် အတွင်းရှိ ပန်းတင်တံတားအနီးတွင် လည်းကောင်း၊ အမှတ် ၁ လမ်းမကြီးဘေး တောင်ကမ်းပါးယံမှ အောက်ဘက်ရှိ လူနေအိမ်များသို့ လည်းကောင်း၊ မြို့ပတ်လမ်းရှိ ဝန်ထမ်းအိမ်ရာဘက်ခြမ်းတွင် လည်းကောင်း၊ မြို့ဦးစေတီအတက်လမ်းတွင် လည်းကောင်း၊ စည်ပင်ဝန်ထမ်းအိမ်ရာနောက်ဘက် ခြမ်းတွင်လည်းကောင်း၊ ဆိပ်မူအုပ်စုအတွင်းရှိ မှော်ဂလုံကျေးရွာ၊ စွတ်အောင်ကျေးရွာနှင့် ဖားပြင် ကျေးရွာများတွင် လည်းကောင်း မြေပြိုကျမှုများ ဖြစ်ပွားပြီး လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ ကြောင်း သိရသည်။
မြေပြိုမှုဖြစ်စဉ်များမှ မော်ဝမ်းရပ်ကွက် သစ်တောရုံးအနီး တောင်ကမ်းပါးယံမှ အောက် ဘက်ရှိ လူနေအိမ်များသို့ ပြိုကျသည့်ဖြစ်စဉ်တွင် လူနှစ်ဦး၊ စွတ်အောင်ကျေးရွာ မြေပြိုမှုတွင် လူ သုံးဦး၊ ဖားပြင်ကျေးရွာ မြေပြိုမှုတွင် လူတစ်ဦး စုစုပေါင်း ခြောက်ဦးသေဆုံးကြောင်း လူမှုအဖွဲ့ အစည်းများထံမှ သိရသည်။
မြေပြိုမှုဖြစ်ပွားရာနေရာများ၌ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ များက ကူညီဆောင်ရွက်ပေးပြီး လမ်းများမပိတ် ဆို့ရေး ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း တွေ့ရ သည်။
ဖားကန့်မြို့နယ်အတွင်း ယမန်နေ့က မိုးရေချိန် ၃ ဒသမ ၁၅ လက်မ၊ ယနေ့တွင် မိုးရေချိန် ၄ ဒသမ ၅၅ လက်မရွာသွန်းကြောင်း သိရပြီး မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းများဖြစ်သည့် မြို့မရပ်ကွက် ကျောက်ဝိုင်း အတွင်းသို့ လည်းကောင်း၊ ငှက်ပျောတောရပ်ကွက် ကမ်းနားလမ်းဘက်ခြမ်းတွင် လည်းကောင်း၊ မရှီ ကထောင်ရပ်ကွက် အလကကျောင်းဘက်တွင် လည်းကောင်း၊ မော်ဝမ်းရပ်ကွက် ဝန်ထမ်းအိမ်ရာဘက်ခြမ်းတွင်လည်းကောင်း ဥရုချောင်းရေများ ဝင်ရောက်လျက်ရှိသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment