Monday, June 4, 2018

ရန်ကုန်မြို့ ကျောင်းကားစနစ်သစ် စတင်ကျင့်သုံး၊ ယာဉ်လမ်းကြောင်းနှင့် လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးမည်


Image may contain: car, sky and outdoor
ရန်ကုန် ဇွန် ၃
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းကားစနစ် သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဇွန် ၁ ရက်မှစတင်၍ ကျောင်းနှစ်ကျောင်းတွင် စံပြအနေဖြင့် စတင်ကျင့်သုံးလျက်ရှိပြီး ယာဉ်လမ်းကြောင်းနှင့် လိုအပ် ချက်များအား ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှ သိရသည်။
YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ''ဒီကနေ့မှာတော့ ကျောင်းကားလိုအပ်တယ်လို့ တင်ပြ တဲ့ ကျောင်းနှစ်ကျောင်းကို စံပြအနေနဲ့ စတင်ပြေးဆွဲပေး တာ ဖြစ်ပါတယ်၊ ကျောင်းသားတွေအတွက် လုံခြုံစိတ်ချရ အောင် ကျောင်းကားတွေကို စီစဉ်ဆောင်ရွက်ထားပါ တယ်၊ ယာဉ်စီးခတွေကို အပြင်ပေါက်ဈေးနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ဆောင်ရွက်ထားပါတယ်၊ ကားတစ်စီးကို ကျောင်းသား ၂၈ ဦး ဆံ့ပါတယ်၊ လက်ရှိအခြေအနေ မှာတော့ ယာဉ်လမ်းကြောင်းတစ်ခုကို ၁၅ ဦးလောက်ရှိရင် ကျွန်တော်တို့အနေနဲ့ ကျောင်းကား စီစဉ်ပေးသွားမှာပါ'' ဟု ပြောသည်။
ဆက်လက်၍ ၄င်းက ''ကျောင်းကားဆိုတာကတော့YBS နဲ့ မတူတဲ့အပြင် လမ်းကြောင်းတွေဖော်ရတာ ရှိပါ တယ်၊ ဒီနေ့မှာဆိုရင် ကမာရွတ် TTC အတွက် ဆွဲထား တဲ့ လမ်းကြောင်း ၁၅ ကြောင်း ရှိပါတယ်၊ ဒါပေမယ့် တကယ်တမ်းကျတော့ လမ်းကြောင်း ၁၂ ကြောင်းပဲ ပြေးဆွဲနိုင်ပါသေးတယ်၊ ကျန်တဲ့ဟာတွေက စီးတဲ့ဦးရေ နည်းတာတွေရှိပါတယ်၊ နောက်ရက်တွေမှာတော့ ကျောင်းအုပ်ဆရာကြီးတွေနဲ့ မိဘအုပ်ထိန်းသူတွေရဲ့ အကြံပြုချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ယာဉ်လမ်း ကြောင်းနဲ့ လိုအပ်ချက်တွေအပေါ် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာပါ''ဟု ပြောသည်။
ထိုသို့ပြေးဆွဲရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ကြီးကြပ်မှုဖြင့်Royal Golden Hand Co., Ltd. က တာဝန်ယူပြေးဆွဲပေးခြင်းဖြစ်ပြီး ပထမဆုံးအဆင့် (စံပြ) အနေဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း(TTC) ကမာရွတ်နှင့် (TTC) ရန်ကင်း စသည့် ကျောင်းနှစ်ကျောင်းတို့တွင် ဇွန် ၁ ရက်မှ စတင်ကာ ပြေးဆွဲပေးလျက်ရှိသည်။
အဆိုပါကုမ္ပဏီအနေဖြင့် ယာဉ်စီးရေ ၂ဝဝ ခန့် ရှိသည့်အနက် ၁ဝဝ ခန့်မှာ ပြေးဆွဲရန် အဆင်သင့်ဖြစ်နေ သည့်အပြင် အလုံးစုံ အာမခံထားရှိမှုလည်း ပြုလုပ်ထား ရှိပြီးဖြစ်ရာ ဇွန် ၁ ရက်က စတင်ပြေးဆွဲရာတွင်TTC ကမာရွတ်အနေဖြင့် ၂၉ စီး၊ TTC ရန်ကင်းအနေဖြင့် ၃၁ စီး အပါအဝင် ယာဉ်အစီးရေ ၆ဝ ဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
''နောက်ထပ်ကျန်ရှိတဲ့ ယာဉ်အစီးရေ ၁ဝဝ ကိုလည်း လိုအပ်ရင် ဖြည့်တင်းပြေးဆွဲနိုင်ဖို့ အဆင်သင့်နီးပါး ပြုလုပ် ထားပြီးဖြစ်ပါတယ်၊CCTV တပ်ဆင်မှုအပိုင်းလောက် ပဲရှိတော့တာပါ၊ အခြားကျောင်းတွေရဲ့ ကျောင်းကား လိုအပ်ချက်အရ တင်ပြတောင်းဆိုလာရင်လည်း ပြေးဆွဲ ပေးသွားမှာဖြစ်ပါတယ်၊ တဖြည်းဖြည်းများလာမယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ကျောင်းသားမိဘတွေ ကိုလည်း လိုအပ်ရင် ဆက်သွယ်ဖို့ပြောထားပါတယ်''ဟု ဒေါက်တာမောင်အောင်က ဆိုသည်။
TTC ရန်ကင်းကျောင်းသည် အချိန်ပြည့် ကျောင်း ဖြစ်သော်လည်းTTC ကမာရွတ်ကျောင်းသည် သုံးချိန် ကျောင်းဖြစ်သည့်အတွက် ထိုသို့ပြေးဆွဲပေးရာတွင် သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းချိန်များအပေါ် မူတည်၍ ယာဉ်အစီးရေ လုံလောက်စွာဖြင့် ပြေးဆွဲပေး လျက်ရှိကြောင်း သိရသည်။
ယာဉ်စီးခ နှုန်းထားများကိုမူ ကျောင်းနှင့်အနီး အဝေးပေါ် မူတည်ကာ ဈေးနှုန်းများ သတ်မှတ်ထားရှိပြီး တစ်လလျှင် ငွေကျပ် ၃၅ဝဝဝ မှ ငွေကျပ် ၇ဝဝဝဝ အထိ သတ်မှတ်ထားသော်လည်း ကျောင်းသားမိဘများထံမှ ရရှိ သည့် အကြံပြုချက်များအပေါ် သက်ဆိုင်ရာအနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာမောင်အောင်ထံမှ သိရသည်။
TTC ကမာရွတ်ကျောင်းမှ ကျောင်းသားမိဘဖြစ်သူ လမ်းမတော်မြို့နယ်နေ ဒေါ်စန်းစန်းစိမ့်က ''အခုလို ကျောင်းကားစနစ်တွေ ပြောင်းလဲပြေးဆွဲပေးတာ ကောင်း ပါတယ်၊ ကျောင်းသားတွေအတွက် ပိုပြီး လုံခြုံစိတ်ချရ ပါတယ်၊ ပထမဆုံးနေ့မှာ အဆင်မပြေမှုတွေတော့ ရှိပါတယ်၊ အဓိကကတော့ လမ်းကြောင်းပြေးဆွဲမှုနဲ့ စုရပ် အလှမ်းဝေးနေတဲ့ အခက်အခဲတွေပါ၊ အဲဒါတွေကိုလည်း သက်ဆိုင်ရာက ညှိနှိုင်းပြီး ပြေးဆွဲပေးမယ်လို့တော့ ပြောပါ တယ်၊ ဈေးနှုန်းအနေနဲ့ကတော့ လက်ရှိအခြေအနေအရ သတ်မှတ်ချက်တော့မရှိသေးပါဘူး၊ ၄ဝဝဝဝ လို့တော့ ကြားပါတယ်၊ ဈေးနှုန်းလေး နည်းနည်းလျှော့ပေးရင် ပိုအဆင်ပြေမှာပါ၊ မိဘတွေကတော့ ဒီကျောင်းကားစနစ်ကို တော်တော်မျှော်လင့်ထားပါတယ်၊ နိုင်ငံတကာမှာလည်း အခုလို ကျောင်းကားစနစ်တွေ ကျင့်သုံးတဲ့အတွက် ရေရှည် မှာ အောင်မြင်မှုရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောသည်။
အလားတူTTC ကမာရွတ်ကျောင်းမှ ကျောင်းသား မိဘဖြစ်သူ မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာနေ ဦးစိုးမင်းလတ်က ''ကျောင်းကားစနစ်သစ်က သတ်မှတ် နေရာကို ပို့ရတာမျိုးအပြင် ကလေးက ငယ်နေတဲ့အတွက် ကျွန်တော်တို့အတွက် အခက်အခဲရှိတာကြောင့် အရင်နှစ် တွေတုန်းကပို့တဲ့ ပုဂ္ဂလိကကျောင်းကားနဲ့ပဲ ဆက်ပြီး ပို့ဖြစ်ပါတယ်၊ အခု အစိုးရက စီစဉ်ပေးထားတဲ့ ကျောင်း ကားကတော့ ကျွန်တော်တို့ပို့ရမယ့်အချိန်နဲ့ သူတို့လာကြို တဲ့ပုံစံကြောင့် သိပ်အဆင်မပြေပါဘူး''ဟု ပြောသည်။
ရန်ကုန်ကျောင်းကားစနစ်သစ်တွင် စတင်ပြေးဆွဲ သည့် ဇွန် ၁ ရက်တွင် သက်ဆိုင်ရာကျောင်းများမှ ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်စုရပ်သို့ သွားရောက်စီးနင်းရခြင်း၊ သတ်မှတ်ယာဉ်လမ်းကြောင်း များကို အပြည့်အဝ ပြေးဆွဲပေးနိုင်မှုမရှိခြင်းတို့ကြောင့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ကြရကြောင်း ကျောင်းသား မိများထံမှ သိရသည်။
Yangon School Bus (YSB)ယာဉ်မောင်း ဦးခင်မောင်ဌေးက ''ကျောင်းသားတွေအတွက် ယာဉ်စီး ရာမှာ လုံခြုံစိတ်ချမှုရှိအောင် ဆောင်ရွက်ထားပါတယ်၊ ဥပမာ ကျောင်းသား ကျောင်းသူတွေ ယာဉ်စီးတဲ့အခါမှာ ခါးပတ် ပတ်ထားရမှာဖြစ်သလို အတက်၊ အဆင်း ပြုလုပ် တဲ့အခါမှာလည်း ဟိုက်ဒရောလစ်စနစ်နဲ့ လှေကားတွေ ပါပါတယ်၊ ကားထဲမှာဆိုရင်လည်း အရေးပေါ် မီးသတ် ဆေးဘူးတွေအပြင် ရှေးဦးသူနာပြုဆေးသေတ္တာတွေလည်း အသင့်ဆောင်ထားပါတယ်၊ လောလောဆယ်မှာလည်း ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေကို စိတ်မချရင် ယာယီသဘောအနေနဲ့ လေး၊ ငါးရက်လောက်အထိ ကျောင်းကားနဲ့ လိုက်လံစီးနင်းပို့ဆောင်တာမျိုး လုပ်လို့ရ ပါတယ်၊ ဇွန် ၁ ရက် စီးနင်းမှုအခြေအနေကတော့ စာရင်း ပေးထားတဲ့အထဲက ၅ဝ ရာခိုင်နှုန်းလောက်ပဲ လိုက်ပါ စီးနင်းကြပါသေးတယ်။ ဒါကလည်း ပထမဆုံးကျောင်းစဖွင့် တဲ့နေ့ဖြစ်တာကြောင့် မိဘတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လိုက်ပို့ကြတာကြောင့်လည်း ဖြစ်ပါတယ်''ဟု ပြော သည်။
ယခု ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားစနစ်သစ်ကို ပြေးဆွဲရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်မြို့နယ်များရှိ အဓိကလမ်းမကြီး များနှင့် ယာဉ်ကြောကျပ်တည်းမှု အများဆုံးဖြစ်ပေါ်လေ့ရှိ သည့် နေရာများတွင်တည်ရှိသော အခြေခံပညာကျောင်း ၂၂ ကျောင်းတို့ကို ကျောင်းကားစနစ်အသစ်ဖြင့် ပြေးဆွဲ သွားရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ဆောင်ရွက် လျက်ရှိရာ ယခုအခါ ပထမအဆင့်အနေဖြင့် TTC ကမာရွတ်နှင့်TTC ရန်ကင်းကျောင်းတို့ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
လက်ရှိပြေးဆွဲနေသည့် ကျောင်းကားများတွင် ကျောင်းသား ကျောင်းသူများကို ကူညီဆောင်ရွက်ပေးနိုင်ရန် YRTA မှ သင်တန်းပို့ချထားသည့် ကြီးကြပ်သူ(ယာဉ်မယ်)တစ်ဦးစီပါရှိခြင်း၊ အရေးပေါ်ဆေးသေတ္တာများပါရှိခြင်း နှင့် မော်တော်ယာဉ်၏ လုံခြုံရေးစနစ်များနှင့် ကျောင်းသား ကျောင်းသူများ အဆင်း၊ အတက် ပြုလုပ်ရာတွင် လွယ်ကူ စေသောစနစ်များ ပါရှိခြင်းတို့အပြင် နောက်ဆက်တွဲ အနေဖြင့် ကတ်စနစ်ကို အသုံးပြု၍ ယာဉ်စီးနင်းခြင်းနှင့် ယာဉ်ရောက်ရှိရာ လမ်းကြောင်းများကို မိဘအုပ်ထိန်းသူတို့ အနေဖြင့် ဖုန်းထဲမှတစ်ဆင့် အက်ပလီကေးရှင်းကို အသုံးပြုပြီး ကြည့်ရှုနိုင်ရန်တို့အတွက်ကိုလည်း စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
ယခု ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ ကျောင်း ကြို၊ ပို့ယာဉ်များကို လိုက်ထရပ်ယာဉ် များအား အသုံးပြုခွင့်မပြုတော့ဘဲ မီနီဘတ်စ်နှင့် (အံစာ တုံး၊ စူပါကာစတန်ကဲ့သို့) မိုက်ခရိုဘတ်စ်များကိုသာ ကျောင်း ကြို၊ ပို့ယာဉ်များအဖြစ် ခွင့်ပြုထားကြောင်း၊ ထို့ပြင် လက်ရှိပြေးဆွဲနေသည့် ပုဂ္ဂလိကကျောင်း ကြို၊ ပို့ ယာဉ်များအနေဖြင့်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)က သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၂ ချက်နှင့် ပြည့်စုံရန်လိုကြောင်း၊ ကျောင်းကြို၊ ပို့ယာဉ်များအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်း ရေးနှင့် လုံခြုံစိတ်ချမှု ပြည့်ဝရန်လိုအပ်ကြောင်း၊ ယခုနှစ် တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ညာမောင်း ယာဉ်များကိုြ>ွခင်းချက်အနေဖြင့် ခွင့်ပြုထားသော်လည်း လာမည့်နှစ်တွင် သက်ဆိုင်ရာက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ပြည့်စုံသောယာဉ်များကိုသာ ခွင့်ပြုသွားမည်ကို အသိပေးထားပြီးဖြစ်ခြင်းတို့ကြောင့် လာမည့်နှစ်တွင် ကျောင်းကားပြေးဆွဲမှုစနစ်သစ်ကို ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။
ထိုသို့ဆောင်ရွက်ခြင်းအားဖြင့် ယာဉ်ကြော ကျပ်တည်းမှုကို အတိုင်းအတာတစ်ခုအထိ ဖြေလျှော့လာ နိုင်မည့်အပြင် ကျောင်းသား ကျောင်းသူများ ဘေး အန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် ကျောင်းကား စနစ်ကို ပီပြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လာနိုင် မည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်

No comments:

Post a Comment