
ရန်ကုန်မြို့သို့ နေ့စဉ်ဝင်ရောက်လျက် ရှိသော ရေချို၊ ရေငန်ငါးများကို မြို့ပြ စားသုံးသူ ပြည်သူများနှင့် တောင်ပေါ် နယ်စပ်အထိ ဖြန့်ဖြူးရောင်းချတင်ပို့ လျက်ရှိရာ ကြည့်မြင်တိုင်ငါးဈေးကြီး မှ ဖြန့်ဖြူးလျက်ရှိသည့်နည်းတူ သီရိ မင်္ဂလာဈေးနှင့် ကပ်လျက်ရှိသော ရွှေပိတောက်ငါးဈေးမှလည်း နေ့စဉ် တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း သိရ သည်။
အရောင်းအဝယ်ကောင်း
ယခုလပိုင်းတွင် ငါးအချိန် လေးသောင်းကျော်၊ ငါးသောင်းခန့် ဝင်ရောက်ပြီး မိုးရာသီ ရေချိုငါး ဝင်ရောက်မှုလျော့ကျ၍ ရေငန်ငါး ဝင်ရောက်မှုမရှိသည့်အတွက် စားသုံး မှုများသော ငါးများမှာ ဈေးကောင်း ရလျက် ရေချိုငါးအများစုမှာ အရောင်းအဝယ် ကောင်းလျက်ရှိ ကြောင်း သိရသည်။
''ပြီးခဲ့တဲ့လကတော့အချိန် ခုနစ် သောင်း၊ ရှစ်သောင်းခန့် ငါးဝင်ပါ တယ်၊ မိုးရာသီကာလတွင် ငါးဝင်ရောက် မှုနည်းပြီးတော့ စက်တင်ဘာလဆိုရင် ငါးဝင်ရောက်မှုများပါပြီ၊ သင်္ကြန်ကာလ အထိ လှိုင်လှိုင်ပါပဲ၊ ရေချိုငါးဆိုရင် ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ တီလားဗီးယားနဲ့ ရေငန်ငါးမျိုးစုံ ဝင်ရောက်ပါတယ်၊ မိုးရာသီ ပင်လယ် ငါးဖမ်းမှုမရှိတော့ ရေငန်ငါးဝင်တာ မရှိသေးဘူး၊ ဒီဈေးမှာတော့ ငါးဒိုင် ၄ဝ နီးပါးရှိတယ်၊ ညနေ ၆ နာရီ ငါး ဝင်ပြီးတော့ ည ၈ နာရီဆိုရင် အရောင်းအဝယ်စပါပြီ၊ ည ၁၂ နာရီ ဆိုရင် ရေချိုငါး အရောင်းအဝယ် ပြီးသွားပြီပေါ့၊ ဧရာဝတီတိုင်းဒေသကြီး က ရေချိုငါးတွေဝင်တာ များတယ်၊ ပင်လယ်ငါးရှိရင်လည်း ည ၁၂ နာရီ နောက်ပိုင်းမှ အရောင်းအဝယ်ရှိပြီး တော့ နံနက် ၃ နာရီ ဆိုရင်ပြီးပြီ၊ ကြည့်မြင်တိုင်ငါးဈေးကတော့ ပိုပြီး ကြီးမားတယ်၊ ရွှေပိတောက်ငါးဈေး က နယ်ကိုပို့တာများတယ်၊ တောင်ပေါ် ဒေသ၊ ရခိုင်နဲ့ မြစ်ကြီးနား၊ မူဆယ် အထိ ရောက်ပါတယ်''ဟုရွှေပိတောက် ငါးဈေးစည်ပင်သာယာဈေးတာဝန်ခံ ဦးထွန်းထွန်းက ပြောသည်။
၂ဝ၁၃ ခုနှစ်တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးနှင့် ကပ်လျက်တွင် ရွှေပိတောက်ငါးဈေးကြီးကို ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၄၅ဝဝ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် သုံးထောင်နှင့် ငါးတန် တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ ဒိုင်ဖွင့် ဈေးဖြင့် ဒေသအသီးသီးသို့ ဖြန့်ဖြူး တင်ပို့လျက်ရှိကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ-သန်းစိုး၊ သန်းထိုက်
No comments:
Post a Comment