Tuesday, June 5, 2018

ဗောဓိတစ်ထောင် စိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူအကျိုးပြုစိုက်ခင်းများ ရှင်သန်အောင်မြင်စေရေး ဆောင်ရွက်

Image may contain: 4 people, people standing, crowd and outdoor
နေပြည်တော် ဇွန် ၎
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန် ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်အတူ ချောင်းဦးမြို့နယ်အတွင်းရှိ တောင်တန်း စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင် စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ပြည်သူအကျိုးပြု ထင်း စိုက်ခင်း၊ စစ်ကိုင်းမြို့နယ် မင်းဝံတောင်တန်းရှိ ဗက်တီဗာ မြက် စမ်းသပ်စိုက်ခင်း၊ မြန်မာ့သစ်လုပ်ငန်း စစ်ကိုင်း သစ်ဆိပ်တို့အား ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ချောင်းဦးမြို့နယ်သို့ရောက်ရှိရာ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာနက ကျောက္ကာ-ရွှေမြင်တင် အဆိုပြု ကြိုးပြင်ကာကွယ်တောအတွင်း တည်ထောင်ထားရှိသည့် တောင်တန်းစိုက်ခင်း ဧက ၁ဝဝ ၏ စိုက်ပျိုးပြီးစီးမှု၊ စိုက်ခင်းဟောင်းများ ထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေ များကို စိုက်ခင်းတာဝန်ခံကတင်ပြရာ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးသည့် သစ်မျိုး အလိုက် ရှင်သန်ကြီးထွားမှုအခြေအနေကို စာရင်း ကောက်ယူ မှတ်တမ်းထားရှိရန်၊ စိုက်ခင်းဟောင်းများ၌ သေပင်များအား ဖာထေးဆောင်ရွက်ရာတွင် ယင်းစိုက်ခင်း ၏ ရှင်သန်ကြီးထွားမှုကောင်းမွန်သည့် သစ်မျိုးဖြင့် ဖာထေး ဆောင်ရွက်ရန်၊ ဒေသသစ်မျိုးများ ဦးစားပေးစိုက်ပျိုးရန် တို့ကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ မုံရွာမြို့ ဗောဓိတစ်ထောင် စိမ်းလန်း စိုပြည်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တာဝန်ရှိ သူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ကျေးရွာများသို့ စွမ်းအား မြှင့် မီးဖိုဖြန့်ဝေရန်၊ ကြိုးဝိုင်းကြိုးပြင် ကာကွယ်တောများ၌ သတိပေးဆိုင်းဘုတ် စိုက်ထူရန်၊ ပြည်သူများအား အသိ ပညာပေး၍ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် စိုက်ခင်းများ ထူထောင်ရန်၊ ကြိမ်၊ ဝါးစိုက်ခင်းများ စိုက်ပျိုးရန်ကိစ္စတို့ကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဗောဓိတစ်ထောင်ပျိုးဥယျာဉ်နှင့် ဗောဓိ တစ်ထောင်နယ်မြေ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဗောဓိတစ်ထောင်စိမ်းလန်း စိုပြည်ရေးလုပ်ငန်းများကို ဌာနအစီအစဉ်ဖြင့် စီမံကိန်း ရေးဆွဲဆောင်ရွက်သည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများ ကိုလည်း ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားသည်။ ဆက်လက်၍ သစ်တောဦးစီးဌာနက မြိုင်စီ ကျေးရွာအတွက် စိုက်ပျိုးပေးထားသည့် ကျေးရွာထင်း စိုက်ခင်း ရှင်သန်အောင်မြင်မှုအခြေအနေကို ကြည့်ရှု စစ်ဆေး၍ ရွာသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗောဓိတစ်ထောင်နယ်မြေအတွင်း ကွန်တိုပေါင်ဖြင့် စိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ကျင်းရှည်ဖြင့် သစ်မျိုးစုံစမ်းသပ်ရောနှောစိုက်ပျိုးခြင်းတို့ကို ကြည့်ရှု စစ်ဆေးသည်။
ညနေပိုင်းတွင် စစ်ကိုင်းမြို့ ကောင်းမှုတော်ပျိုးဥယျာဉ် အား စစ်ဆေး၍ လျှော်ဖြူ၊ နံ့သာဖြူပျိုးပင်များ ပိုမို ပျိုးထောင် ဆောင်ရွက်ရန်၊ အလားတူ အပူပိုင်းဒေသ သစ်မျိုးများဖြစ်သည့် သီး၊ သန်း၊ ဒဟတ်၊ ဆီး၊ သနပ်ခါး တို့ကိုလည်း ပိုမိုပျိုးထောင်ရန်တို့ကို မှာကြားသည်။
ဆက်လက်၍ စစ်ကိုင်းတောင်ရိုး မင်းဝံတောင် မြေပြိုတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် စမ်းသပ် စိုက်ပျိုးထားသည့် ဗက်တီဗာမြက် စိုက်ခင်းအား ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ မှာကြားသည်။ ယင်းနောက် မြန်မာ့သစ်လုပ်ငန်း မန္တလေးဖောင်ဖွဲ့ရေးဒေသ၏ စစ်ကိုင်း သစ်ဆိပ်သို့ရောက်ရှိပြီး လုပ်ငန်းများ ရာသီအချိန်မီပြီးစီး ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ သစ်ဆိပ် နေရာအသစ် ရွေးချယ်ရာ၌ အဘက်ဘက်မှ နှိုင်းယှဉ် ချင့်ချိန် စဉ်းစားဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ထို့နောက် အမရပူရမြို့နယ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးအား စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၄ ရက်တွင် မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး စန္ဒကူးခန်းမ၌ ကျင်းပသည့် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC)၏ အစီအစဉ်ဖြင့် တောင်အာရှနှင့် အရှေ့ တောင်အာရှ ဖွံ့ဖြိုးဆဲနိုင်ငံများ စွမ်းအားမြှင့်မီးဖို ဖြန့်ဝေ ရေးစီမံကိန်း စတင်ခြင်းအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။
အဆိုပါစီမံကိန်းကို မြန်မာနိုင်ငံအလယ်ပိုင်း အပူ ပိုင်းဒေသရှိ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသကြီး သုံးခုတို့တွင် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၃ ခုနှစ်ထိ ခြောက်နှစ်ကြာ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။ တိုင်း ဒေသကြီးတစ်ခုအတွင်း တစ်နှစ်လျှင် အိမ်ထောင်စု ၃၆ဝဝဝ အတွက် စွမ်းအားမြှင့်မီးဖို ၃၆ဝဝဝ ကို ဖြန့်ဝေ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလ ဒုတိယနှစ်တွင် လည်း အခြားအိမ်ထောင်စု ၃၆ဝဝဝ အတွက် စွမ်းအားမြှင့် မီးဖို ၃၆ဝဝဝ ကို ဖြန့်ဝေဆောင်ရွက်မည်ဖြစ်သည့်အပြင် စီမံကိန်းကာလအတွင်း ငါးနှစ်ဆက်တိုက် စွမ်းအားမြှင့် မီးဖိုစုစုပေါင်း ၅၄ဝဝဝဝ ကို ဖြန့်ဝေဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment